အီရတ်

July 18, 2019

အီရတ်တွင် တူရကီသံတမန် အပါအဝင် ၂ ဦး ပစ်သတ်ခံရ

အီရတ်မြောက်ပိုင်း ကာ့ဒ်ဒေသမြို့တော်မှာ ဇူလိုင် ၁၇ ရက်နေ့က တူရကီသံတမန်နဲ့ တခြားလူတဦး ပစ်သတ်ခံရတယ်လို့ ဒေသလုံခြုံရေး တာဝန်ရှိသူတွေနဲ့ တူရကီ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ အာဘီမြို့ စားသောက်ဆိုင်တခုမှာ တူရကီသံတမန်တွေ နေ့လယ်စာ စားနေတုန်း သေနတ်သမားတယောက် ကားနဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ မျက်မြင်တယောက်က ပြောပါတယ်။ ဒီပစ်ခတ်မှုကို တူရကီ၊ အီရတ်အစိုးရနဲ့ အာဘီမြို့ ကာ့ဒ်ဒေသ အာဏာပိုင်တွေက ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ ဒါဟာ အီရတ်မြောက်ပိုင်းမှာ အခြေစိုက်တဲ့ ကာ့ဒ်ခွဲထွက်ရေး ဝါဒီတွေကို တူရကီအစိုးရက ထိုးစစ်သစ် ဆင်နွှဲပြီး သီတင်းပတ်အကြာမှာ အခုပစ်ခတ်မှုကို ပြစ်တင်ရှုတ်ချလိုက်တာပါ။ တူရကီ နိုင်ငံခြားရေးဝန်ကြီး ကာဗူဆိုဂလူက တိုက်ခိုက်သူတွေကို ဖမ်းမိဖို့နဲ့ ကြိုးကိုင်သူကို ဖော်ထုတ်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ် ဆောင်ရွက်နေတယ်လို့ ပြောခဲ့ပါတယ်။
2 years Ago

June 30, 2019

အီရတ်ရေလှောင်ကန်တခုတွင် ရှေးဟောင်းနန်းတော် ရှာဖွေတွေ့ရှိ

အီရတ်နိုင်ငံက ရေလှောင်ကန်ကြီးတစ်ခုအောက်မှာ ရှေးဟောင်းနန်းတော်တခုကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဇွန် ၂၉ ရက်နေ့ Sky News သတင်းမှာ ဖော်ပြပါတယ်။ မိုးခေါင်မှုကြောင့် ကန်ထဲကရေတွေ သိသိသာသာလျော့နည်းလာပြီနောက် မစ်တာနီ နန်းတော်ကြီးကို ရှာတွေ့ခဲ့တာပဲဖြစ်ပါတယ်။ ဒီနန်းတော်ကြီးဟာ မိုဘူးရေကာတာကို တည်ဆောက်ခဲ့တဲ့ ၁၉၈၀ နှစ်များက ရေအောက်နစ်မြုပ်သွားခဲ့တာဖြစ်ပြီး ရှေးဟောင်းပညာရှင်တွေလည်း နန်းတော်ကြီးကို လေ့လာခွင့် မရခဲ့ပါဘူး။ ရေတွေခန်းလာခြင်းကြောင့် လက်ရှိအချိန်မှာတော့ ဒီနန်းတော်ကြီးကို ဂျာမနီနဲ့ အီရတ်နိုင်ငံ ကာ့ဒ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေက ပညာရှင်တွေက ပူးပေါင်းလေ့လာခွင့်ရရှိခဲ့ပြီး ရွံ့ပြားတွေနဲ့ နံရံဆေးရေးပန်းချီတွေကို ရှာတွေ့ခဲ့တယ်လို့လည်း သိရပါတယ်။ ရွံ့ပြားတပြားပေါ်မှာရှိတဲ့ ကျူနီဖောင်းစာတွေမှာ ကီမူနီလို့ခေါ်တဲ့ နန်းတော်တည်နေရာကို ဖော်ပြထားပြီး ဒီစာတွေဟာ အလယ်ကျောက်ကြေးခေတ် အချိန်အားဖြင့် ဘီစီ ၁၈၀၀ ခန့်ကလို့ သိရပါတယ်။ “ဒီရှာဖွေတွေ့ရှိမှုဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ဒေသတွင်းမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ရှေးဟောင်းသုတေသနဆိုင်ရာ အရေးပါဆုံးတွေ့ရှိမှုဖြစ်တယ်” လို့လည်း ကာ့ဒ်ရှေးဟောင်းသုတေသီ ဟက်ဆန် အာမက် ကာစင်ကပြောပါတယ်။ “ဒီနန်းတော်ဟောင်းကြီးကို ၂၀၁၀ ခုနှစ်ကတည်းက ရှာတွေ့ခဲ့တာပါ။ ဒါပေမယ့် ရေမျက်နှာပြင်အခြေအနေကြောင့် အခုမှပဲ ဒီတွေ့လေ့လာခွင့်ရတာပါ” လို့ သူက ဆက်လက်ပြောဆိုပါတယ်။ “မစ်တာနီအင်ပါယာဟာ ရှေးဟောင်းအရှေ့နီးဒေသနဲ့ ပတ်သတ်တဲ့ ရှာတွေ့ခဲ့သမျှ နန်းတော်တွေရဲ့ နောက်ဆုံးတခုဖြစ်တယ်” လို့လည်း ဂျာမနီရှေးဟောင်းသုတေသီ အိုင်ဗန်နာ ပဲလ်ဂျစ်ကပြောပါတယ်။ ဒီနန်းတော်ကြီးကရရှိခဲ့တဲ့ ရွံ့ပြားတစ်ချပ်အရ  ကီမူနီမြို့ဟာ ရှေးဟောင်း ဇတ်ဟီကူမြို့ ဖြစ်နိုင်တယ်လို့ ဖော်ပြထားပြီး သုတေသီတွေကတော့ ဒါကိုအတည်ပြုဖို့အတွက် နောက်ထပ် ရှာဖွေမှုတွေဆောင်ရွက်ဖို့ လိုအပ်နေသေးတယ်လို့ပြောပါတယ်။ ဒီကောက်ချက်သာ မှန်ကန်တယ်ဆိုရင် ကီမူနီမြို့ဟာ နှစ် ၄၀၀ သက်တမ်းရှိနေပြီလို့ ယူဆရမှာပဲ ဖြစ်ပါတယ်။ အခုရှာတွေ့ခဲ့တဲ့ နန်းတော်ကြီးဟာ တိဂရစ်မြစ်အရှေ့ဘက်ကမ်းနဲ့ မီတာ ၂၀ အကွာမှာ တည်ရှိနေတာဖြစ်ပါတယ်။
2 years Ago
More News
Up