နာမည်ကျော် ခရစ်ကတ်ကစားသမားဟောင်း အီမာခန်းကို ပါကစ္စတန်ဝန်ကြီးချုပ်အဖြစ် လွှတ်တော် အမတ်တွေက သြဂုတ်လ ၁၇ ရက်နေ့မှာ ရွေးကောက်တင်မြှောက်ခဲ့ပါတယ်။
အဲဒီ ရွေးကောက်တင်မြှောက်ပွဲမှာ ဝန်ကြီးချုပ်သစ် အီမာခန်းက အကျင့်ပျက်ခြစားပြီး ပါကစ္စတန်ရဲ့ ဘဏ္ဍာငွေတွေ ခိုးယူနေသူအားလုံးကို ဥပဒေရှေ့မှောက် အရောက်ပို့ဆောင်မှာ ဖြစ်တယ်လို့ ကတိပြုပြောကြားခဲ့ပါတယ်။
ဒါပေမယ်လို့ ပါကစ္စတန်ရဲ့ နိုင်ငံရေးအရ ကွဲပြားမှု ပြင်းထန်တဲ့ အမှတ်လက္ခဏာအဖြစ် ဝန်ကြီးချုပ် အီမာခန်း မိန့်ခွန်းပြောကြားနေစဉ် အတိုက်အခံအမတ်တွေဟာ အော်ဟစ် နှောင့်ယှက်ခဲ့ကြပါသေးတယ်။
ပြင်းထန်တဲ့ အမျိုးသားရေးဝါဒီ အီမာခန်းဟာ လူဦးရေ ၂ဝ၈ သန်းရှိရာ ပါကစ္စတန်နိုင်ငံမှာ အလုပ်အကိုင်ပေါင်း သန်းချီဖန်တီးပေးပြီး ကမ္ဘာ့အဆင့်မီ ဆေးရုံနဲ့ ကျောင်းပညာရေးစနစ်တွေ ဖန်တီးပေးမယ်လို့ ကတိပေးခဲ့ပါတယ်။
ဒါပေမယ့်လည်း အောက်လွှတ်တော်မှာ အမတ်နေရာအများစုကို ပွတ်ကာသီကာသာ ရရှိထားတဲ့ ခန်းရဲ့ပါတီအဖို့ ရည်မှန်းချက်ကြီးမားတဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ဥပဒေပြုခြင်း လုပ်ငန်းစဉ်တွေကို အခက်အခဲတွေနဲ့ လုပ်ဆောင်ရဖွယ် ရှိနေပါတယ်။
ဒါ့အပြင် ပါကစ္စတန် အထက်လွှတ်တော်ကို အတိုက်အခံတွေ ထိန်းချုပ် ထားတယ်လို့လည်း ရိုက်တာသတင်းအရ သိရပါတယ်။
5 years Ago