အီဘိုလာကင်းစင် လိုင်ဘေးရီးယားတွင် လူတဦး ရောဂါဖြစ်ပွားပြီး ထပ်မံသေဆုံး

July 3, 2015

လိုင်ဘေးရီးယားတွင် အီဘိုလာ ကူးစက်သူ ၁ ဦးထပ်တိုး

လိုင်ဘေးရီးယားနိုင်ငံမှာ အီဘိုလာရောဂါ ကူးစက်သူ နောက် ၁ ဦး ထပ်တိုးလာတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ  အတည်ပြုပါတယ်။ လိုင်ဘေးရီးယားနိုင်ငံဟာ အီဘိုလာ ကင်းရှင်းတဲ့ နိုင်ငံအဖြစ် ကြေညာနိုင်ခဲ့ပြီးမှ အခုတခါ ထပ်ဖြစ်လာတဲ့အတွက် ရောဂါဇာစ်မြစ်ကို အာဏာပိုင်တွေက အဖြေရှာနေပါတယ်။ အများပြောဆိုနေကြသလို တိရစ္ဆာန်ကတဆင့် ကူးစက်တာ ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာကိုလည်း စုံစမ်းနေဆဲဖြစ်ပြီး လောလောဆယ်အထိတော့ ခိုင်မာတဲ့ အချက်အလက် မရှိသေးဘူးလို့ ကျန်းမာရေး ဒု-၀န်ကြီးက ပြောပါတယ်။ သေသွားတဲ့ အသက် ၁၇ နှစ်အရွယ် လူရွယ်နဲ့ ကူးစက်ခံရတဲ့ နောက် ၂ ဦးလုံးဟာ အီဘိုလာရောဂါ ကူးစက်မှု ဆက်ဖြစ်နေတဲ့ အိမ်နီးချင်း ဂီနီနဲ့ ဆီယာလီယွန်းတို့ကို အလည်အပတ် မသွားခဲ့ကြတဲ့အတွက် ရောဂါအရင်းအမြစ်ကို အာဏာပိုင်တွေက စုံစမ်းနေပါတယ်။ အခု ရောဂါကူးစက်တဲ့ ရွာဟာ မြို့တော် မွန်ရိုဗီယားကနေ ကီလိုမီတာ ၅၀ အကွာမှာ ရှိပြီး တရွာလုံးကို ခြေချုပ်ထားလိုက်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ လူနာ ၂ ဦးကို အီဘိုလာ ကုသရေးစခန်းကို ပို့ထားလိုက်ပြီး သူတို့ ၂ ဦးနဲ့ ဆက်ဆံခဲ့တဲ့ လူ ၁၇၅ ဦးကိုလည်း စောင့်ကြည့်နေကြောင်း၊ ဖျားနာတဲ့ လက္ခဏာ မတွေ့ရသေးကြောင်း ဆိုပါတယ်။ မနှစ်က အီဘိုလာရောဂါ ကပ်ဘေးအတွင်း လူပေါင်း ၁၁၂၀၀ ကျော် သေဆုံးခဲ့ပြီး အများစုက လိုင်ဘေးရီးယား၊ ဆီယာလီယွန်းနဲ့ ဂီနီတို့က ဖြစ်ပါတယ်။ လိုင်ဘေးရီးယား တနိုင်ငံတည်းမှာ လူပေါင်း ၄၈၀၀ သေဆုံးခဲ့ပါတယ်။
6 years Ago

July 2, 2015

အီဘိုလာကင်းစင် လိုင်ဘေးရီးယားတွင် ရောဂါကူးစက်သူ ၂ ယောက်ထပ်တွေ့

အနောက်အာဖရိကဒေသထဲက လိုင်ဘေးရီးယားနိုင်ငံမှာ အီဘိုလာရောဂါ ကင်းရှင်းတဲ့နိုင်ငံအဖြစ် ကြေညာထားတာ ၂ လနီးပါးအကြာ ဇူလိုင် ၁ ရက်နေ့က အီဘိုလာရောဂါ ကူးစက်သူ နောက်ထပ် ၂ ယောက် ထပ်တွေ့ခဲ့ပါတယ်။ ဇွန် ၃၀ ရက်နေ့မှာ သေဆုံးသွားတဲ့ အသက် ၁၇ နှစ်အရွယ် လူငယ်ရဲ့ မိသားစုတွေကို သီးသန့်ခွဲထားလိုက်ပြီလို့ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။ မြို့တော် မွန်ရိုဗီယားကနေ မိုင် ၃၀ အကွာမှာရှိတဲ့ နီဒိုဝိန်းကျေးရွာကို ကျန်းမာရေး အရာရှိတွေ ရောက်နေပြီး ပညာပေးလုပ်ငန်းတွေကို အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။ သေဆုံးသွားတဲ့ ကျောင်းသားလူငယ်လေးနဲ့ ထိတွေ့ဆက်ဆံခဲ့တဲ့ လူတွေ ဘယ်သူ ဘယ်ဝါဆိုတာကို စုံစမ်းနေပါတယ်။ လောလောဆယ် သိရှိထားတဲ့ အချက်အလက်တွေအရ အိမ်နီးချင်း တနိုင်ငံကနေ ရောဂါဝင်ရောက်လာတဲ့ ပုံစံမျိုးလည်း မဟုတ်ဘူးလို့ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။ လိုင်ဘေးရီးယားနိုင်ငံမှာ အီဘိုလာ ရောဂါကြောင့် သေဆုံးသူ ၄၈၀၀ ရှိခဲ့ပါတယ်။ မနှစ်က လိုင်ဘေးရီးယား၊ ဆီယာလီယွန်းနဲ့ ဂီနီနိုင်ငံမှာ အီဘိုလာရောဂါကြောင့် သေဆုံးသူ ၁၁၂၀၀ ရှိခဲ့လို့ အီဘိုလာရောဂါသမိုင်းမှာ အဆိုးရွားဆုံး ကပ်ဘေးတခု ဖြစ်ခဲ့ပါတယ်။
6 years Ago
Up