အီဘိုလာအတွက် ဒေါ်လာသန်း ၁၀၀ ရန်ပုံငွေ ထားမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပြော

July 1, 2015

အီဘိုလာကင်းစင် လိုင်ဘေးရီးယားတွင် လူတဦး ရောဂါဖြစ်ပွားပြီး ထပ်မံသေဆုံး

အနောက်အာဖရိကဒေသက လိုင်ဘေးရီးယားနိုင်ငံဟာ အီဘိုလာရောဂါ ကင်းစင်နိုင်ငံအဖြစ် ရက်သတ္တပတ် ၆ ပတ်ကြာ ကြေညာပြီးခါမှ ပြီးခဲ့တဲ့ ဇွန် ၃၀ ရက်နေ့က အီဘိုလာရောဂါနဲ့  သေဆုံးမှု ပထမဆုံး ပြန်ဖြစ်လာပါတယ်။ သေဆုံးသူဟာ အသက် ၁၇ နှစ်အရွယ် လူငယ်တဦးဖြစ်ပြီး မြို့တော်နဲ့ မိုင် ၃၀ အကွာက မြို့တမြို့မှာ ဖြစ်ခဲ့တာပါ။ ဒါကြောင့် အရင်တခါ အကြီးအကျယ်ဖြစ်ခဲ့တဲ့ ဂီနီနိုင်ငံ၊ ဆီယာလီယွန်းနိုင်ငံ နယ်စပ်တွေနဲ့ ဝေးကွာပါတယ်။ အနောက်အာဖရိကဒေသက နိုင်ငံတွေမှာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလကစပြီး အီဘိုလာရောဂါ အပြင်းအထန် ဖြစ်ပွားခဲ့ရာ သေဆုံးသူ အယောက် ၁ သောင်း ၁ ထောင်ကျော်ခဲ့ပြီး အများစုက လိုင်ဘေးရီးယား၊ ဂီနီနဲ့ ဆီယာလီယွန်းနိုင်ငံက ဖြစ်ကြပါတယ်။ ဒီနိုင်ငံတွေမှာ လတ်တလော ရောဂါကူးစက်မှုက အရင်တနှစ်ကလောက် မများတော့ပေမယ့် အခု မိုးရာသီကျလာတဲ့ အချိန်မှာ ကူးစက်သူဦးရေ ပြန်မြင့်လာတယ်လို့ ဆိုပါတယ်။ ရက်သတ္တပတ် ၆ ပတ်ကျော်ကြာ အီဘိုလာရောဂါ ကင်းစင်လာခဲ့တာကနေ အခုလို အီဘိုလာရောဂါနဲ့ လူသေဆုံးခဲ့တဲ့သတင်းဟာ လိုင်ဘေးရီးယား ပြည်သူတွေအတွက် အတော်ကို စိတ်မသက်မသာ ဖြစ်ကြတယ်လို့ သတင်းတွေက ဆိုပါတယ်။ ဒါပေမယ့် လိုင်ဘေးရီးယား ဒု-ကျန်းမာရေးဝန်ကြီးက ရောဂါကူးစက်မှုတွေ ပြန်တွေ့လာရပေမယ့် လုပ်စရာရှိတာ လုပ်ပြီး အစိုးရိမ်မကြီးကြဖို့ လိုင်ဘေးရီးယား ပြည်သူတွေကို တိုက်တွန်းပြောဆိုပါတယ်။ သေဆုံးသွားတဲ့လူငယ်ဟာ ခရီးသွားတာကနေ ရောဂါကူးစက်လာတာလား၊ သူနဲ့ ဘယ်သူတွေ တွေ့ထိခဲ့သေးလဲ ဆိုတာကိုလည်း စုံစမ်းနေတယ်လို့ ဒု-၀န်ကြီးက ပြောပါတယ်။
6 years Ago

May 20, 2015

အီဘိုလာအတွက် ဒေါ်လာသန်း ၁၀၀ ရန်ပုံငွေ ထားမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပြော

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အီဘိုလာဗိုင်းရပ်စ်ကို လုံလောက်အောင် တုံ့ပြန်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ပြီးခဲ့တဲ့ မေ ၁၈ ရက်နေ့က ဝန်ခံခဲ့ပါတယ်။ နောက်တကြိမ် မပြင်ဆင်ထားမိတာမျိုး မဖြစ်ချင်လို့ အမေရိကန် ဒေါ်လာ သန်း ၁၀၀ ရန်ပုံငွေ တည်ထောင်မယ်လို့ WHO ရဲ့ အထွေထွေ ညွှန်ကြားရေးမှူး မာဂရက်ချန်းက အဖွဲ့ရဲ့ ညီလာခံအတွင်း မိန့်ခွန်းထဲမှာ ပြောပါတယ်။ ကနဦးတုံ့ပြန်မှုကို ချက်ချင်းလုပ်ဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေ ရှိတာ သေချာစေရေး အဖွဲ့ဝင်နိုင်ငံတွေရဲ့ အထောက်အပံ့နဲ့ ရန်ပုံငွေ တည်ထောင်တာလို့ သူက ပြောပါတယ်။ ၂၀၁၃ ဒီဇင်ဘာမှာ ဂီနီနိုင်ငံမှာ ပထမဆုံး အီဘိုလာဗိုင်းရပ်စ် ကူးစက်ခဲ့ပေမယ့် ၂၀၁၄ သြဂုတ်လအထိ နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အဆင့်ကို မကြေညာခဲ့ပါဘူး။ ဂီနီ၊ လိုင်ဘေးရီးယားနဲ့ ဆီယာလီယွန်နိုင်ငံတွေမှာ အီဘိုလာ ဗိုင်းရပ်စ်ကူးစက် ခံရမှုကြောင့် သေဆုံးသူ အယောက် ၁၁၀၀၀ ကျော် ရှိခဲ့တယ်လို့ WHO က မေ ၁၈ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။ ဂီနီနိုင်ငံအတွင်း အီဘိုလာကူးစက်မှုအသစ် တကျော့ပြန်ဖြစ်မှုဟာ ဈာပနပွဲတွေမှာ ကူးစက်တာ ဖြစ်လို့ စိုးရိမ်စရာ လက္ခဏာဖြစ်တယ်လို့ ကျန်းမာရေး အရာရှိတယောက်က ပြီးခဲ့တဲ့ မေ ၁၅ ရက်နေ့က ပြောပါတယ်။ လိုင်ဘေးရီးယားနိုင်ငံကတော့ ၄၂ ရက်အတွင်း ကူးစက်မှု တမှုမှ ထပ်မဖြစ်ခဲ့လို့ အီဘိုလာဗိုင်းရပ်စ် အဆိုးရွားဆုံး ကူးစက်ခံရတဲ့ နိုင်ငံ ၃ နိုင်ငံမှာ ဗိုင်းရပ်စ်ကင်းစင်ကြောင်း ပထမဆုံး  ကြေညာတဲ့နိုင်ငံ ဖြစ်ခဲ့ပါတယ်။ ဂီနီနဲ့ ဆီယာလီယွန်နိုင်ငံတွေကတော့ မေ ၁၀ ရက်နေ့ သီတင်းပတ်အတွင်း ကူးစက်မှု အသစ် ၉ ယောက် ရှိခဲ့လို့ ဒီနှစ်ထဲမှာ ကူးစက်မှု အနည်းဆုံး သီတင်းပတ် ဖြစ်ခဲ့တယ်လို့ WHO က ပြောပါတယ်။
7 years Ago
Up