အီဘရာဟီမိုဗစ် ဟက်ထရစ်သွင်းပြီး မန်ယူက ပြင်သစ်ကလပ်ကို အနိုင်ယူ

February 17, 2017

အီဘရာဟီမိုဗစ် ဟက်ထရစ်သွင်းပြီး မန်ယူက ပြင်သစ်ကလပ်ကို အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

ယူရိုပါလိဂ်ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်အဖြစ် မန်ယူနဲ့ ပြင်သစ်ကလပ် စိန့်အက်တီယန်တို့ ဖေဖော်ဝါရီ ၁၆ ရက်ညက ယှဉ်ပြိုင်ရာ မန်ယူက တိုက်စစ်မှူး အီဘရာဟီမိုဗစ်ရဲ့ ဟက်ထရစ်ဂိုးနဲ့အတူ အိမ်ကွင်းမှာ နိုင်ပွဲရခဲ့ပါတယ်။ စိန့်အက်တီယန်က အုပ်စုအဆင့်ကို ရှုံးပွဲမရှိ ဖြတ်သန်းလာတဲ့အသင်းဖြစ်ပေမယ့် အဝေးကွင်းမှာ ခံစစ်ပိုင်းက အမှားများခဲ့ပါတယ်။ ဒီပွဲမှာ စိတ်ဝင်စားစရာကောင်းတာတခုကတော့ မန်ယူကွင်းလယ်လူ ပေါ့ဂ်ဘာနဲ့ စိန့်အက်တီယန်နောက်ခံလူ ဖလော်ရန်တင်ပေါ့ဂ်ဘာတို့ ညီအစ်တိုနှစ်ဦး ပထမဆုံးအကြိမ် ထိပ်တိုက် တွေ့ခဲ့ကြတာပါ။ မန်ယူနည်းပြမော်ရင်ဟိုက ဒီပွဲမှာ အတောင့်တင်းဆုံး လူစာရင်းကိုပဲ အသုံးပြုခဲ့ပါတယ်။ ဒီဂီယာနေရာ ရိုမဲရိုး ဝင်ကစားခဲ့တာနဲ့ ရွန်နီ၊ ကာရစ်၊ ဖီးလ်ဂျုံးစ်တို့ ကြံ့ခိုင်မှုပြဿနာကြောင့် မပါဝင်ခဲ့တာဘဲ ရှိပါတယ်။ ဒါကြောင့်လည်း မန်ယူအသင်း အသာစီးက ကစားနိုင်ခဲ့ပြီး စိန့်အက်တီယန်အသင်းအနေနဲ့ ထိရောက်တဲ့ ထိုးဖောက်မှုတောင် မလုပ်နိုင်ခဲ့ပါဘူး။ မန်ယူအသင်းကပဲ တောက်လျှောက်ဖိကစားခဲ့ပြီး ၁၅ မိနစ်မှာတော့ အီဘရာဟီမိုဗစ်ရဲ့ ဖရီးကစ်ကန်ချက် လူတံတိုင်းနဲ့ထိပြီး ဝင်သွားခဲ့တာကြောင့် အဖွင့်ဂိုး ရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ မာတာနဲ့ မာရှယ်တို့ အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့ပေမယ့် ၇၅ မိနစ်မှာတော့ ရပ်ရှ်ဖို့ဒ် ဘယ်ခြမ်းက ဂိုးရှေ့ချိုးပေးတဲ့ဘောလုံးကို စိန့်အက်တီယန်ဂိုးသမား ပုတ်ထုတ်ခဲ့ပေမယ့် အီဘရာဟီမိုဗစ် အနီးကပ်ပိတ်သွင်းယူခဲ့ပြီး ဒုတိယဂိုး ရယူပေးခဲ့သလို ၈၈ မိနစ်မှာလည်း သူ့ကြောင့်ရတဲ့ ပယ်နယ်တီကို အီဘရာဟီမိုဗစ်ကိုယ်တိုင်ပဲ သွင်းယူခဲ့လို့ ပွဲအပြီးမှာ မန်ယူက ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ ဒီနှစ်သင်း ဒုတိယအကျော့ပွဲစဉ်ကိုတော့ လာမယ့် ဖေဖော်ဝါရီ ၂၂ ရက်နေ့ကျရင် စိန့်အက်တီယန်ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
4 years Ago
Up