ပရီးမီးယားလိဂ်ပွဲစဉ် ၁၁ အဖြစ် ဆွမ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ နိုဝင်ဘာ ၆ ရက်ညက ယှဉ်ပြိုင်ရာ မန်ယူက တိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျရဲ့ သွင်းဂိုး ၂ ဂိုးအပါအ၀င် ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဒါဟာ ပရီးမီးယားလိဂ်မှာ နိုင်ပွဲပျောက်ဆုံးလို့ ဖိအားဝင်နေတဲ့ နည်းပြ မော်ရင်ဟိုအတွက်တော့ စိတ်သက်သာရာ ရစေတဲ့နိုင်ပွဲ ဖြစ်ခဲ့ပါတယ်။
နည်းပြ မော်ရင်ဟိုဟာ ပွဲပယ်ပြစ်ဒဏ်ကြောင့် ဒီပွဲကို ကွင်းတွင်းကြီးကြပ်ခွင့် မရခဲ့ပါဘူး။
ဆွမ်ဆီးကွင်းမှာ ကန်ရတဲ့ ဒီပွဲမှာ မန်ယူဟာ နိုင်ပွဲပျောက်ဆုံးနေမှုကို ရပ်တန့်နိုင်ဖို့ အားစိုက်ကစားခဲ့ပါတယ်။
ပွဲချိန် ၁၅ မိနစ်မှာ ပေါ့ဂ်ဘာက မန်ယူအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီး ၂၁ မိနစ်နဲ့ ၃၃ မိနစ်တွေမှာ အီဘရာဟီမိုဗစ်ခ်ျက ၂ ဂိုးဆက် သွင်းယူပေးခဲ့ပါတယ်။
ဆွမ်ဆီးအတွက် တလုံးတည်းသောချေပဂိုးကိုတော့ ၆၉ မိနစ်မှာ မိုက်ခ်ဗန်ဒါဟွန်းက သွင်းယူပေးခဲ့ပါတယ်။
ဒီပွဲအနိုင်ရလဒ်ကြောင့် မန်ယူဟာ ရမှတ် ၁၈ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၆ နေရာကို တက်လှမ်းလာနိုင်ပြီး ဆွမ်ဆီးကတော့ ရမှတ် ၅ မှတ်နဲ့ အဆင့် ၁၉ မှာ ရပ်တည်နေပါတယ်။
6 years Ago