အီဗရာ

December 14, 2020

ရှာကာ အသင်းခေါင်းဆောင်အဖြစ် ကွင်းထဲဝင်လာတော့ အွန်နရီက ချက်ချင်း တီဗွီ ပိတ်လိုက်တယ် - အီဗရာ

ဂရင်းနစ်ရှာကာကို အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် မြင်တာနဲ့ အွန်နရီက တီဗွီကို ချက်ချင်း ပိတ်ပစ်ခဲ့ဖူးတယ်လို့ ယူနိုက်တက် ကစားသမားဟောင်း ပက်ထရစ်အီဗရာက ပြောပါတယ်။ ဆွစ်ဇာလန် ကွင်းလယ်လူ ရှာကာဟာ တနင်္ဂနွေနေ့မှာ ကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ဘန်လေအသင်းတို့ရဲ့ ပွဲစဉ်မှာလည်း အသင်းခေါင်းဆောင်အဖြစ် ထပ်မံတာဝန်ပေးခံခဲ့ရပြီး သတင်းမီဒီယာတွေမှာ ဟိုးလေးတကြော်ကြော် ဖြစ်ခဲ့ရပြန်ပါတယ်။ ဒါပေမဲ့ ခြေစွမ်းပြနိုင်ခဲ့လို့တော့ မဟုတ်ပါဘူး။ အကြမ်းဖက် အပြုအမူကြောင့် အနီကတ်ပြ အထုတ်ခံခဲ့ရလို့ ဖြစ်ပါတယ်။ ဘန်လေနဲ့ပွဲမှာ အာဆင်နယ်အသင်းဟာ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရပြီး ဘန်လေအသင်းက တစ်လုံးတည်းသော အနိုင်ဂိုးကို ရှာကာ အထုတ်ခံရပြီး ၁၅ မိနစ်အကြာ ပွဲချိန် ၇၃ မိနစ်မှာ ရရှိခဲ့တာ ဖြစ်ပါတယ်။  ဒီဂိုးကို အာဆင်နယ် တိုက်စစ်မှူး အူဘာမီယန်းရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုကြောင့် ပေးခဲ့ရတာ ဖြစ်ပြီး ဒါဟာ အာဆင်နယ်အသင်းအတွက် အမ်းမရိတ်ကွင်းမှာ လိဂ်ပွဲ ၄ ပွဲဆက်တိုက် ရှုံးနိမ့်မှုလည်း ဖြစ်ပါတယ်။ ဒါဟာ အာဆင်နယ်အသင်းအတွက် နှစ်ပေါင်း ၆၀ အတွင်း အဆိုးရွားဆုံးရလဒ်ဖြစ်ပြီး နည်းပြ အာတီတာအတွက်လည်း ဖိအားတွေ ထပ်မံမြင့်တက်ခဲ့ရပြီ ဖြစ်ပါတယ်။ ဒီလို ရှုံးနိမ့်မှုဟာ စည်းကမ်းလိုက်နာမှုမရှိတဲ့ ရှာကာကြောင့်လို့ စွပ်စွဲခံနေရတဲ့အချိန်မှာ အီဗရာကလည်း ရှာကာကို ထပ်မံဝေဖန်တိုက်ခိုက်ခဲ့ပါတယ်။ အီဗရာက “ကျနော် ခင်ဗျားတို့ကို အကြောင်းအရာလေးတစ်ခု ပြောပြချင်ပါတယ်။ တစ်ရက်တော့ သီယာရီဟင်နရီက သူ့အိမ်မှာ အာဆင်နယ်ပွဲကို ကြည့်ဖို့ ကျနော့်ကို ဖိတ်ပါတယ်။ သူ တီဗွီကို ဖွင့်လိုက်တဲ့ ပထမဆုံး မြင်တွေ့ရတာက ရှာကာဟာ အာဆင်နယ်အသင်းကို အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ပြီး ကွင်းထဲဝင်လာတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အွန်နရီက ချက်ချင်းပဲ တီဗွီကို ပိတ်ပစ်လိုက်ပါတယ်။ ကျနော်က ဘာဖြစ်လို့လဲမေးတော‌ေ ရှာကာ ခေါင်းဆောင်တဲ့ ငါ့အသင်းရဲ့ပွဲကို ငါ မကြည့်နိုင်တော့ဘူးလို့ သူက ပြောပါတယ်။ အဲဒါနဲ့ သူက တီဗွီကို ပိတ်ပစ်လိုက်ပြီး ကျနော်တို့ ဒီပွဲကို မကြည့်တော့ပါဘူး” လို့Sky Sports သတင်းကို ပြောပါတယ်။ “ဒါကိုကြည့်ရင် အသင်းရဲ့ဂန္ထဝင် ကစားသမားတစ်ယောက်က ရှာကာကို ဘယ်လိုမြင်လဲ ခင်ဗျားတို့ သိနိုင်ပါတယ်။ အခုပွဲမှာလည်း သူဟာ အသင်းကို ထပ်ပြီးတော့ ဆွဲချလိုက်ပြန်ပါပြီ။ ဒါဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂ နှစ်လောက်က အာဆင်နယ် ကစားသမားတွေဟာ ကလေးတွေနဲ့တူတယ်လို့ ကျနော် ပြောခဲ့ဖူးပါတယ်။ ဒီလိုပြောတော့ ရှာကာက အီဗရာ ဆိုတဲ့လူက အာဆင်နယ်အသင်းအကြောင်းကို ပြောတာ များနေပြီလို့ ပြန်တုံ့ပြန်ပါတယ်။ ဒါတွေအပြီး နောက်တပွဲမှာ သူ့ကို လူစားလဲတော့ ရှာကာဟာ အသင်းအင်္ကျီကို ချွတ်ခဲ့တာကို ကျနော် မှတ်မိနေပါတယ်။ အာဆင်နယ် ပရိသတ်တွေလည်း သူ့ကို စိတ်ပျက်နေကြပြီ ထင်ပါတယ်” လို့ အီဗရာက ပြောပါတယ်။ တနင်္ဂနွေနေ့ ရှုံးပွဲကြောင့် အာဆင်နယ်အသင်းဟာ အဆင့် ၁၅ နေရာကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပြီး လာမယ့်ဗုဒ္ဓဟူးနေ့မှာ ဆောက်သမ်တန်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားကာ စနေနေ့မှာ အဲဗာတန်နဲ့ အဝေးကွင်းပွဲသွားကန်ရဖို့ ရှိနေပါတယ်။
4 months Ago

May 6, 2020

စီရော်နယ်ဒိုနှင့် ဘေးလ်တို့ကို ခေါ်ယူရန် ဖာဂူဆန် ကြိုးပမ်းခဲ့ဟု အီဗရာ ပြော

မန်ယူနည်းပြဟောင်း ဖာဂူဆန်ဟာ ရော်နယ်ဒိုနဲ့ ဂါရတ်ဘေးလ်ကို တပြိုင်နက် ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးတယ်လို့ ကစားသမားဟောင်း အီဗရာက ပြောလိုက်ပါတယ်။  ၂၀၁၂-၂၀၁၃ ဘောလုံးရာသီမှာ ဖာဂူဆန်ဟာ နောက်နှစ်မှာ အနားယူတော့မယ်လို့ မီဒီယာတွေက ရေးသားခဲ့ကြပေမယ့် ဖာဂူဆန်ကိုယ်တိုင်ကတော့ နောက်ထပ် ၁၀ နှစ်လောက် ဆက်နေပြီး ချန်ပီယံလိဂ်ဆုဖလား ထပ်မံရယူမယ်လို့ ပြောခဲ့ကြောင်း အီဗရာက ပြောပါတယ်။  ဒါ့အပြင် ချန်ပီယံလိဂ်ဖလားရဖို့အတွက် စီရော်နယ်ဒိုနဲ့ ဂါရတ်ဘေးလ်တို့ကို ခေါ်ယူဖို့ လိုအပ်တယ်လို့ ဖာဂူဆန်က ပြောခဲ့ကြောင်း အီဗရာက ပြောပါတယ်။  ဒါပေမဲ့ နောက်နှစ်ပတ်အကြာမှာတော့ ဇနီးသည်အနားမှာနေဖို့ လိုအပ်တဲ့အတွက် အသင်းကနေ အနားယူတော့မယ်လို့ ပြောခဲ့ပြီး သူ ခေါ်ယူခဲ့တဲ့ ဗန်ပါစီနဲ့ ကာဂါဝါတို့ကိုလည်း တောင်းပန်စကား ပြောခဲ့တယ်လို့ အီဗရာက ပြောပါတယ်။ ဖာဂူဆန်အနေနဲ့ အသင်းကနေ မထွက်ခင်မှာ ရီးရဲလ်တိုက်စစ်အတွဲ ဖြစ်တဲ့ စီရော်နယ်ဒိုနဲ့ ဂါရတ်ဘေးလ်ကို ခေါ်ယူပေးခဲ့ချင်ပေမယ့်လည်း ကစားသမားတွေဘက်က ရီးရဲလ်မှာပဲ ဆက်လက်ရှိနေခဲ့တာ ဖြစ်ပါတယ်။
12 months Ago
More News
Up