အီဗန်ကာထရမ့်

November 21, 2018

ကိုယ်ပိုင်အီးမေးလ် အသုံးပြုခဲ့သည့် ထရမ့်၏သမီးကို စုံစမ်းစစ်ဆေးရန် တောင်းဆို

ကိုယ်ပိုင်အီးမေးလ်နဲ့ အစိုးရလုပ်ငန်းတွေ ထပ်တလဲလဲ လုပ်ခဲ့တဲ့အပေါ်မှာ သမ္မတထရမ့်ရဲ့ သမီးဖြစ်သူ အီဗန်ကာကို စုံစမ်းစစ်ဆေးဖို့ ဒီိမိုကရက်တွေက နိုဝင်ဘာ ၂၀ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။ အိမ်ဖြူတော် အကြံပေးတဦးဖြစ်သူ အီဗန်ကာဟာ အစိုးရအဖွဲ့ အရာရှိတွေကို ဆက်သွယ်ရာမှာ ကိုယ်ပိုင်အီးမေးလ် အကြိမ်တရာအထိ အသုံးပြုခဲ့တာကို အိမ်ဖြူတော် သုံးသပ်ချက်အရ သိရှိရတယ်လို့ ဝါရှင်တန်ပို့စ် သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။ အစိုးရလုပ်ငန်းတွေမှာ ကိုယ်ပိုင်အကောင့်ကို အသုံးပြုတာဟာ သမ္မတဆိုင်ရာ မှတ်တမ်းတွေကို ထိန်းသိမ်းတဲ့ ဥပဒေကို ချိုးဖောက်ရာ ကျပါတယ်။ ၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ် ကာလတုန်းက ရီပတ်ဘလစ်ကန် တဦးဖြစ်တဲ့ ထရမ့်ဟာ ပြိုင်ဘက် ဒီမိုကရက် သမ္မတလောင်း ဟီလာရီ နိုင်ငံခြားရေးဝန်ကြီးတာဝန် ထမ်းဆောင်စဉ်က ကိုယ်ပိုင်အီးမေးလ် အသုံးပြုတာနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ဖူးပါတယ်။
2 years Ago

July 26, 2018

ဒေါ်နယ်ထရမ့်၏ သမီး အီဗန်ကာထရမ့် ကိုယ်ပိုင်ဖက်ရှင်လုပ်ငန်း ရပ်ဆိုင်းတော့မည်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့သမီး အီဗန်ကာထရမ့်ဟာ သူ့ဖခင်ကို အကြံဉာဏ်ပေးရာမှာ အာရုံစိုက်ဖို့အတွက် သူ့ရဲ့ ကိုယ်ပိုင်ဖက်ရှင်လုပ်ငန်းကို ရပ်ဆိုင်းတော့မှာ ဖြစ်တယ်လို့ ဇူလိုင် ၂၄ ရက်နေ့မှာ ပြောကြားပါတယ်။ “သူ လုပ်ငန်းပြန်စမယ့်အချိန်ကို ပြောကြားတာမျိုးမရှိဘဲ အီဗန်ကာထရမ့်ဟာ သူ့ကုန်အမှတ်တံဆိပ်နဲ့ ပတ်သက်တဲ့ စီးပွားဘက်တွေ၊ ဝန်ထမ်းတွေအတွက် တရားမျှတမှုရှိစေဖို့ သူ့လုပ်ငန်းကို ပိတ်သိမ်းမယ့် ဆုံးဖြတ်ချက်ကို အီဗန်ကာအနေနဲ့ ခက်ခက်ခဲခဲ ချမှတ်လိုက်တာဖြစ်ပါတယ်” လို့ အီဗန်ကာရဲ့ ကိုယ်စားလှယ် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒေါ်နယ်ထရမ့်ဟာ အမေရိကန်သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေချိန်အတွင်း သူပိုင် စီးပွားရေးလုပ်ငန်းတွေဆီကို ပုံမှန်သွားရောက်လေ့ ရှိသူလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်နယ်ထရမ့်ဟာ သမ္မတအရှိန်အဝါကို သုံးပြီး သူ့ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းကို မြှင့်တင်ဖို့ ကြိုးပမ်းနေတယ်လို့ ဝေဖန်ခံနေရပါတယ်။ ဒေါ်နယ်ထရမ့်ကို ထောက်ခံသူတွေက ထရမ့်ပိုင် နိုင်ငံတကာဟိုတယ်မှာ အခမ်းအနားတွေ ကျင်းပပြုလုပ်ခဲ့ပေမယ့် ဆန့်ကျင်သူတွေကတော့ ထရမ့်မိသားစုပိုင် စီးပွားရေး လုပ်ငန်းတွေကို အားမပေဖို့ နှိုးဆော်ထားကြောင်း ဗွီအိုအေသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up