အီတလီနိုင်ငံအလယ်ပိုင်း ဗစ်ဇိုမြို့မှာ အင်အားပြင်းထန်တဲ့ ငလျင်တွေ ဆက်တိုက် လှုပ်ခတ်ခဲ့တာကြောင့် လူအတော်များများ ဒဏ်ရာရခဲ့ကြပြီး ရှေးဟောင်း ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေ ထိခိုက်ပျက်စီးသွားတယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။
အမေရိကန် ငလျင်တိုင်းတာရေးဌာနရဲ့ အဆိုအရ ပြင်းအား ၅ ဒသမ ၄ ရှိတဲ့ ငလျင်နဲ့ ပြင်းအား ၆ ရှိတဲ့ ငလျင်တို့ ၂ နာရီပဲ ခြားပြီး မနေ့ ညနေပိုင်းမှာ လှုပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ငလျင် ၂ ခုလုံးရဲ့  ဗဟိုချက်ဟာ မာချိဒေသထဲက ကက်စတယ်ဆန်းတန်ဂီလိုမြို့အနီးမှာ ဖြစ်ပြီး ငလျင်ရဲ့အရှိန်ကို ရောမမြို့ကနေ တောင်ဘက်ဒေသတွေအထိ ခံစားခဲ့ရပါတယ်။
ငလျင်ကြောင့် တချို့ဒေသတွေမှာ လျှပ်စစ်မီးတွေ ပြတ်တောက်ခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးတွေလည်း ပိတ်ဆို့ ပြတ်တောက်သွားခဲ့ပါတယ်။
အီတလီမှာ ပြီးခဲ့တဲ့ သြဂုတ်လတုန်းကလည်း လူ ၃၀၀ နီးပါး သေဆုံးခဲ့တဲ့ ပြင်းအား ၆ ဒသမ ၂ ရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့ပြီး အခုတခါ ထပ်လှုပ်ပြန်တဲ့အတွက် အနာအဆာ ဖြစ်ခဲ့တဲ့ အဆောက်အအုံတွေအတွက် ပိုလို့ ဆိုးဆိုးရွားရွား ထိခိုက်ဖို့ ဖြစ်လာတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
6 years Ago