အီတလီအစိုးရကိုယ်စားလှယ်များ မြန်မာနိုင်ငံသို့ လာရောက်ဆွေးနွေး

April 6, 2016

အီတလီအစိုးရကိုယ်စားလှယ်များ မြန်မာနိုင်ငံသို့ လာရောက်ဆွေးနွေး

အီတလီနိုင်ငံ နိုင်ငံခြားရေးနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E. Mr. Paola Gentiloni Silveri ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နေပြည်တော်မှာ မြန်မာအစိုးရနဲ့ စစ်ဘက်အကြီးအကဲတွေနဲ့ ဒီနေ့ ဆွေးနွေးကြမှာဖြစ်ပါတယ်။ အီတလီနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ဝင်တွေဟာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့နဲ့ ဆွေးနွေးကြမယ်လို့  ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားပါတယ်။ နေပြည်တော်ရှိ ဒီဗွီဘီသတင်းထောက်ရဲ့ ပြောကြားချက်အရ ဒီနေ့ခင်းပိုင်းမှာ သတင်းစာ  ရှင်းလင်းပွဲရှိတယ်လို့လည်းသိရပါတယ်။ အီတလီကိုယ်စားလှယ်အဖွဲ့ရဲ့ခရီးစဉ်ဟာ အစိုးရသစ်တက်ပြီးနောက် သီတင်းတပတ်အတွင်း မြန်မာနိုင်ငံကို ဒုတိယမြောက်လာရောက်တဲ့ ပြည်ပနိုင်ငံက အဆင့်မြင့်အရာရှိကြီးတွေရဲ့ ခရီးစဉ်ဖြစ်ပါတယ်။ မနေ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ဖိတ်ကြားချက်အရ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ မြန်မာနိုင်ငံကို လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့သလို အစိုးရသစ်ကို ဂုဏ်ပြုခဲ့ပါတယ်။ ဒီနောက် ပူးတွဲသတင်းစာရှင်းလင်းခဲ့ပါတယ်။ အီတလီကိုယ်စားလှယ်အဖွဲ့ဟာ ဧပြီ ၇ ရက်မှာတော့ ရန်ကုန်မြို့မှာ တရက်ကြာ လည်ပတ် ကြမှာဖြစ်ပြီး ဧပြီ ၈ ရက် မနက်မှာ ပြန်လည်ထွက်ခွာသွားကြမယ်လို့ သိရပါတယ်။ အစိုးရသစ်လက်ထက် တပတ်အတွင်း သံခင်းတမန်ခင်းအနေအထားပေါ် ပြန်ကြားရေးဝန်ကြီးဌာနရဲ့ လေ့လာသုံးသပ်ချက်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိရဲ့  ခရီးစဉ်က ပိုပြီးထူးခြားလေးနက်နိုင်တယ်လို့ ယူဆရကြောင်း ပါရှိပါတယ်။ ယခင် အစိုးရနဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ ပြောင်းလဲတိုင်း မြန်မာခေါင်းဆောင်ပိုင်းက တရုတ်နိုင်ငံကို ဦးဦးဖျားဖျား သွားရောက်လေ့ရှိကြပေမယ့် အခုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်လက်ထက်မှာတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ကိုယ်တိုင်လာတာကတော့ ထူးခြားချက်အဖြစ် သုံးသပ်ထားပါတယ်။
6 years Ago
Up