အီတလီရဲတပ်

July 2, 2020

ယူရို ၁ ဘီလီယံတန်  စိတ်ကြွမူးယစ်ဆေးများ အီတလီရဲတပ်ဖွဲ့ ဖမ်းမိ

အီတလီရဲတွေဟာ ဆီးရီးယားနိုင်ငံကနေ တင်သွင်းလာပြီး ယူရိုငွေ ၁ ဘီလီယံတန်တဲ့ အမ်ဖက်တာမင်း ကပ်တာဂွန် ဆေးပြား ၁၄ တန်ကို သိမ်းဆည်းရမိထားတယ်လို့ ဇူလိုင် ၁ ရက်က ပြောပါတယ်။ ဒါဟာ တကြိမ်တည်းမှာ မူးယစ်ဆေးအများဆုံး ဖမ်းမိမှုတွေထဲက တခု ဖြစ်လာတယ်လို့ ပြောပါတယ်။ အီတလီနိုင်ငံတောင်ပိုင်း ဆာလာနိုဆိပ်ကမ်းမှာ စက်မှုလုပ်ငန်းသုံး စက္ကူ ကျည်တောက်တွေ ကုန်သေတ္တာ ၃ လုံး တွေ့ခဲ့ပြီး အဲဒီကျည်တောက်တွေထဲမှာ ဆေးပြား ၈၄ သန်း ပါတာ တွေ့တယ်လို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။ ကပ်တဂွန်ဆေးဝါးဟာ ကြောက်ရွံ့စိတ်ကို ထိန်းနိုင်ပြီး ပင်ပန်းမှုတွေကို ကင်းစေနိုင်တဲ့ အမ်ဖက်တာမင်းစ် စိတ်ကြွဆေးအုပ်စုဝင် ဖှနသလင်း ဟိုက်ဒရိုကလိုရိုဒ်ဆေးရဲ့ ကုန်အမှတ်တံဆိပ် နာမည်ပါ။ အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ ဒီဆေးဟာ လူကြိုက်များပါတယ်။ ကနဦးက လက်ဘနွန်နိုင်ငံမှာ ထုတ်လုပ်ပြီး အိုင်အက်စ် စစ်သွေးကြွတွေက သူတို့လှုပ်ရှားမှုအတွက် ရန်ပုံငွေရှာဖို့ ဒီဆေးကို ရောင်းလာခဲ့တာလို့ ရဲတွေက ကြေညာချက် ထုတ်ပြန်ပါတယ်။ ပြင်သစ်မြို့တော် ပါရီက ဘာတာကလန် တေးဂီတဖျော်ဖြေပွဲကို တိုက်ခိုက်မှုနောက်ကွယ်က ကွန်မန်ဒိုစစ်သည်တယောက် အပါအဝင် အကြမ်းဖက်သမားတွေ ပုန်းအောင်းနေတဲ့နေရာမှာ ဒီဆေးကို တွေ့အပြီးမှာ ကပ်တဂွန်ကို ဂျီဟတ်ဆေးလို့လည်း နာမည်ပြောင်ပေးထားပါတယ်။ လွန်ခဲ့တဲ့နှစ်ပတ်ကလည်း အီတလီ ရဲတွေဟာ ဟာရှစ် မူးယစ်ဆေး ၂၈၀၀ ကီလိုနဲ့ ကပ်တဂွန် ဆေးပြား ၁ သန်းကို ဆာလာနိုဆိပ်ကမ်းမှာ ဖမ်းမိခဲ့ပါသေးတယ်။ ဆီးရီးယားနိုင်ငံမှာ ပြည်တွင်းစစ် နှစ်ချီကြာနေလို့ ဒီဆေး ဝယ်လိုအားမြင့်မားပြီး ဥပဒေစိုးမိုးမှု ကင်းမဲ့တဲ့အခြေအနေက မူးယစ်ဆေးထုတ်လုပ်သူတွေအတွက် အခွင့်ကောင်းတွေကို ဖန်တီးပေးနေပါတယ်။
10 months Ago
Up