၁၉၈၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရွှေဖိနပ်ဆုနဲ့ ရွှေဘောလုံးဆု ရယူနိုင်ခဲ့တဲ့ အီတလီဂန္ထဝင်တိုက်စစ်မှူး ပါအိုလို ရော့စီဟာ အသက် ၆၄ နှစ်မှာ ကွယ်လွန်သွားပါတယ်။
ဂျူဗင်တပ်စ်နဲ့ အေစီမီလန်အသင်းတွေမှာလည်း ကစားခဲ့ဖူးတဲ့ ပါအိုလိုရော့စီဟာ ဒီဇင်ဘာ ၁၀ ရက်ကကွယ်သွားခဲ့ကြောင်း အီတလီရုပ်သံ RAI Sport က ထုတ်ပြန်သွားခဲ့ပါတယ်။
၁၉၈၂ ခုနှစ်က စပိန်နိုင်ငံမှာကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားမှာ ပါအိုလိုရော့စီက သွင်းဂိုး ၆ ဂိုးနဲ့ ရွှေဖိနပ်ဆုရယူနိုင်ခဲ့သလို ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုဖြစ်တဲ့ ရွှေဘောလုံး ဆုကိုပါရယူနိုင်ခဲ့တာပါ။
အဲဒီနှစ်မှာပဲ ပြင်သစ်မဂ္ဂဇင်းကချီးမြှင့်တဲ့ ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကိုလည်း ရော့စီကရယူနိုင်ခဲ့ပါတယ်။ အီတလီအသင်းဟာ ၁၉၈၂ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ အနောက်ဂျာမနီကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူ ဗိုလ်စွဲခဲ့ပြီး ပါအိုလိုရော့စီက ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ရော့စီဟာ အီတလီအသင်းမှာ ၁၉၇၇ ကနေ ၁၉၈၆ ခုနှစ်အထိ စုစုပေါင်း ၄၈ ပွဲကစားခဲ့ပါတယ်။
4 months Ago