အီတလီကျေးရွာ

October 21, 2019

Google Map ကို မသုံးရန် တားမြစ်ထားသည့် အီတလီကျေးရွာ

တောင်တန်းတွေ ထူထပ်ပြီး သာယာလှပတဲ့ အီလတီနိုင်ငံက ရွာငယ်လေးတခုမှာ မကြာသေးခင်က ထူးဆန်းတဲ့ ထုတ်ပြန်သတိပေးချက်တခုကို ထုတ်ပြန်လိုက်ရပါတယ်။  အဲဒါကတော့ ဒီရွာလေးကိုလာရောက် လည်ပတ်တဲ့ ဧည့်သည်တွေအနေနဲ့ ရွာအတွင်း လှည့်လည်သွားရောက်နေချိန်မှာ Google Map app ကို အသုံးမပြုကြဖို့ပါပဲ။ ဆာဒီနီယာ ကျွန်းပေါ်မှာရှိတဲ့ ရွာငယ်လေးမှာ ဒီလို ထုတ်ပြန်လိုက်ရတာကလည်း အကြောင်းပြချက်ရှိပါတယ်။  “မနှစ်က တနှစ်တည်းတင်မှာတင် Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်ပြီး လမ်းမှားသွားတာ၊  ဆက်သွားလို့ မရတော့တာကြောင့် ဒေသတွင်းက မီးသတ်တပ်ဖွဲ့ ဒါမှမဟုတ် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေကို အကူအညီတောင်းခံရမှုပေါင်း ၁၄၄ ကြိမ်ရှိတယ်” လို့ ဘူနိုင်မြို့တော်ဝန် ဆေဗာတိုရီ ကော်ရက်စ် ကပြောပါတယ်။  ဒီလိုဖြစ်ရတာက Google Map app ရဲ့ ချို့ယွင်းချက်တခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ တခါတရံမှာ ခရီးသွားတွေဟာ GPS စနစ်ကို အသုံးပြုတဲ့ app ရဲ့ လမ်းညွှန်မှုနောက်လိုက်ပြီး လူတွေ မရောက်ဖူးသေးတဲ့ နေရာတွေကို ရှာဖွေသွားရောက်ရင်းနဲ့ လမ်းမကောင်းတဲ့ နေရာကို ရောက်ရှိသွားခြင်း၊ ကားမောင်းလို့ အဆင်မပြေတော့တဲ့နေရာကို ရောက်ရှိသွားတတ်ကြပါတယ်။  ဒီလိုဖြစ်ရပ်တွေကို တားဆီးဖို့ ဒေသတွင်းရဲတပ်ဖွဲ့က “Google Mapက ပြတဲ့လမ်းကို မသုံးကြပါနဲ့” ဆိုတဲ့ ဆိုင်းဘုတ်တွေကိုတောင် တပ်ဆင်ရပါတယ်။  “ဧည့်သည်တွေက သာမန်လမ်းညွှန်ဆိုင်းဘုတ်တွေအစား Google Map ကို ပိုပြီး အသုံးပြုလာကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ သူတို့ဟာ Google Map နဲ့ လမ်းမှားကြီး ကို ရောက်နေတယ် ဆိုတာကို သတိထားမိကြပြီး ကျနော်တို့ကို လာကယ်ပေးဖို့ အကူအညီတောင်းပါတော့တယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ကျနော်တို့ ဒီလိုကိစ္စတွေ တော်တော်များများကို ကြုံခဲ့ဖူးပါပြီ။ ကံမကောင်းစွာနဲ့ပဲ ဒီနေရာမှာတော့ Google Map ဟာ လူတွေကို သူတို့သွားချင်တဲ့ဆီ မပို့ဆောင်ပေးနိုင်ပါဘူး” လို့ မြို့တော်ဝန် ဆေဗာတိုရီ ကော်ရက်စ် က The Guardian သတင်းဌာနကို ပြောပါတယ်။ ဒီရွာလေးမှာရှိတဲ့ ကယ်ဆယ်ရေးအသင်းတွေကို ဒေသခံတွေက ရန်ပုံငွေ မ တည်ပေးထားရတာ ဖြစ်တာကြောင့် ခရီးသည်တွေဟာ သူတို့အတွက် ကယ်ဆယ်ရေး အသုံးစရိတ်ကို အသုံးပြုဖို့ မလိုပါဘူး။  ဒါ့ကြောင့် ဒေသခံတွေရဲ့ မတည်ငွေနဲ့ ရပ်တည်နေတဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေဟာ ခရီးသည်တွေအတွက် အသုံးပြုနေရတဲ့ကိစ္စဟာ ပြဿနာတခု ဖြစ်လာပါတော့တယ်။  ဒီပြဿနာကို ဖြေရှင်းဖို့ အာဏာပိုင်တွေက ဒီ app ကို ပိတ်ပင်ဖို့ ကြိုးစားခဲ့ပေမယ့် အောင်မြင်မှုတော့ မရခဲ့ပါဘူး။ ဘူနိုင်အာဏာပိုင်တွေက ဒီပြဿနာကို Google ရဲ့ တာဝန်ရှိသူတွေကို အကြောင်းကြားထားပေမယ့် အခုချိန်ထိ တုံ့ပြန်မှု တစုံတရာမရှိသေးဘူးလို့ သိရပါတယ်။ Ref: OC
2 years Ago
Up