အီတလီနိုင်ငံမှာ ၂၀၂၀ ခုနှစ်ကတည်းက အလိုရှိနေတဲ့ နိုင်ဂျီးရီးယား မာဖီးယားဂိုဏ်းက နာမည်ကြီး အမျိုးသမီး ဂျွိုင်းဂျက်ဖ်ကို ရောမမြို့ကို ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း အီတလီရဲတပ်ဖွဲ့က မတ်လ ၈ ရက်မှာ ပြောပါတယ်။
အီတလီရဲ့ အလိုအရှိဆုံးစာရင်းထဲက အမျိုးသမီးအနည်းငယ်ထဲမှာ ပါဝင်တဲ့ အသက် ၄၈ နှစ်အရွယ် ဂျွိုင်းဂျက်ဖ်ဟာ ပြည့်တန်ဆာလုပ်ငန်း ကွင်းဆက်တခုကို လည်ပတ်နေမှု အပါအဝင် ရာဇဝတ်ပြစ်မှုတွေအတွက် ရောမမှာ ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံထားရတာပါ။
အီတလီရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာ အဲဒီအမျိုးသမီးကို ရဲတွေက ဘီးတပ်ကုလားထိုင်နဲ့ နိုင်ဂျီးရီးယားမြို့တော် အဘူဂျာကနေ ရောမမြို့ရှိ ချမ်ဖိနောင် လေဆိပ်အထိ ခေါ်ဆောင်သွားတာကို ပြသထားပါတယ်။
ရာဇဝတ်သားလွှဲပြောင်းရေးကို ၂၀၂၀ ခုနှစ်က နိုင်ဂျီးရီးယားနဲ့ အီတလီတို့ လက်မှတ်ရေးထိုးထားတဲ့ သဘောတူစာချုပ်အရ ပံ့ပိုးပေးခဲ့တာပါ။
ဂျွိုင်းဂျက်ဖ်ဟာ အီတလီ၊ စပိန်နဲ့ နယ်သာလန်နိုင်ငံတွေကို အမျိုးသမီးလူကုန်ကူးမှုမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တာဖြစ်ပြီး အဲဒီအမျိုးသမီးတွေကို အကြမ်းဖက်တာနဲ့ ခြိမ်းခြောက်မှုတွေလုပ်ပြီး ပြည့်တန်ဆာအဖြစ် အတင်းအကျပ် ခိုင်းစေခဲ့တာဖြစ်ကြောင်း အရှေ့ပိုင်း အန်ကွန်နာမြို့က အီတလီ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။ ဂျွိုင်းဂျက်ဖ်ကို မျက်ကွယ်မှာ ပြစ်ဒဏ်ချမှတ်ထားတာ ဖြစ်ပါတယ်။
မကြာသေးခင်က အကျဉ်းချခံထားရတဲ့ အီတလီမာဖီးယားဂိုဏ်းခေါင်းဆောင်ရဲ့ နှမ တော်စပ်သူ ရိုဆယ်လီယာ မက်ဆီနာ ဒီနာရိုဟာ မာဖီးယားဂိုဏ်းတစ်ခုနဲ့ ဆက်စပ်နေတဲ့ စွဲချက်တွေကြောင့် မတ်လ ၃ ရက်မှာ ဖမ်းဆီးခံခဲ့ရကြောင်း အီတလီရဲတပ်ဖွဲ့က ပြောပါတယ်။
နှစ်ပေါင်း ၃ဝ ကြာ ထွက်ပြေးလွတ်မြောက်နေခဲ့တဲ့ မတ်တဲယို မက်ဆီနာ ဒီနာရိုဟာ ဇန်နဝါရီလ ၁၆ ရက်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အဲ့ဒီအချိန်မတိုင်ခင်အထိ အီတလီနိုင်ငံရဲ့ အလိုရှိဆုံးသူ တစ်ဦး လည်း ဖြစ်ပါတယ်။
မက်တဲယိုဟာ လူသတ်မှု အများအပြားနဲ့ တခြားရာဇဝတ်မှုတွေကြောင့် ထောင်ဒဏ် တစ်သက် တစ်ကျွန်း ကျခံနေရတာပါ။
မက်တဲယိုကို ဖမ်းဆီးနိုင်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုကတဆင့် ရိုဆယ်လီယာကိုပါ အခုလို ဖမ်းဆီးနိုင်ခဲ့တာလို့ ကာရာဘင်နီရယ်ရီ ရဲတပ်ဖွဲ့က ပြောပါတယ်။
စုံစမ်းစစ်ဆေးသူတွေဟာ မက်တဲယို ကာလရှည်ကြာ လွတ်မြောက်နေမှုအတွက် ဂိုဏ်းသားတွေရဲ့ ခိုင်မာတဲ့သစ္စာရှိမှုနဲ့အတူ မိသားစုဝင်တွေက အကူအညီပေးခဲ့ကြတာဖြစ်တယ် လို့ တောက်လျှောက် သံသယရှိလာခဲ့တာဖြစ်ပါတယ်။