အီဂျစ် ပြသ

October 21, 2019

မမ်မီရုပ်အလောင်းများပါသည့် ရှေးဟောင်းခေါင်းတလား ၃၀ အီဂျစ် ပြသ

အီဂျစ်အစိုးရဟာ နိုင်ငံတောင်ပိုင်း လက်ဆောမြို့ကနေ ရှာတွေ့တဲ့ မမ်မီရုပ်အလောင်းတွေ ပါတဲ့ ရှေးဟောင်းခေါင်းတလား ၃၀ ရဲ့ အသေးစိတ်ကို အောက်တိုဘာ ၁၉ ရက်က ထုတ်ဖော် ပြသလိုက်ပါတယ်။ ဒါဟာ ရာစုနှစ်တခုကျော်အတွင်း ဒါမျိုး အကြီးဆုံး ရှာတွေ့မှုပါ။ အီဂျစ် ရှေးဟောင်းသုတေသန ပညာရှင်တဖွဲ့ဟာ လက်ဆောမြို့ အနောက်ဘက် နိုင်းမြစ်ကမ်းက အယ်လ် အဆာဆစ် သင်္ချိုင်းကနေ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေပါတဲ့ ရောင်စုံသစ်သား ခေါင်းတလား အလုံး ၃၀ ကို ရှာတွေ့ခဲ့တယ်လို့ အီဂျစ် ရှေးဟောင်းပစ္စည်းရေးရာ အရာရှိတယောက်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ လွန်ခဲ့တဲ့ နှစ် ၃၀၀၀ က အနုစိတ် ထွင်းထုဆေးခြယ်ထားတဲ့ ခေါင်းတလားတွေထဲမှာ မံမီ ရုပ်အလောင်းတွေပါပြီး ပြီးပြည့်စုံတဲ့ စာလုံးတွေ အရောင်အသွေးနဲ့အတူ ယိုယွင်းမှုမရှိဘဲ အခြေအနေ ကောင်းတယ်လို့ အရာရှိတွေက ပြောပါတယ်။ ၂၂ ကြိမ်မြောက် ဖာရိုဘုရင်လက်ထက် ခရစ်တော် မပေါ်ခင် နှစ် ၁၀၀၀ ကျော်က ဒီခေါင်းတလားတွေဟာ ဘာသာရေးဆရာ အမျိုးသား၊ အမျိုးသမီးတွေ၊ ကလေးတွေအတွက်လို့ တူးဖော်ရေးအဖွဲ့ ခေါင်းဆောင် မိုစတာဖှာ ဝါဇီရီက ပြောပါတယ်။ ဒီခေါင်းတလားတွေကို ဂီဇာ ပိရမစ်တွေနားမှာ လာမယ့်နှစ် ဖွင့်လှစ်မယ့်  အီဂျစ်ပြတိုက်ကြီးက ပြခန်းဆီ မရွှေ့ခင် နဂိုအခြေအနေ ပြန်ရောက်အောင် မွမ်းမံမယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
2 years Ago
Up