အီဂျစ်ရေတပ်

September 27, 2020

ငါးဖမ်းသမား ညီအစ်ကို ၂ ဦးကို အီဂျစ်ရေတပ် ပစ်သတ်ခဲ့ဟု ပါလက်စတိုင်းပြော

အီဂျစ်ရေတပ်က ပစ်ခတ်ခဲ့တာကြောင့် ပါလက်စတိုင်း ငါးဖမ်းသမား ညီအစ်ကို ၂ ဦး သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်းအရာရှိတွေက ပြောပါတယ်။ ပါလက်စတိုင်း ငါးဖမ်းသမားတွေရဲ့ အလောင်းတွေ ဂါဇာဒေသကို စက်တင်ဘာ ၂၆ ရက်က ပြန်ရောက်လာတယ်လို့ ဂါဇာကို အုပ်ချုပ်နေတဲ့ အစ္စလာမ္မစ် ဟားမတ်စ် အုပ်စုက ပြောပါတယ်။  ငါးဖမ်းသမား ညီအကိုဟာ စက်တင်ဘာ ၂၅ ရက်နေ့က ရာဖာမြို့ တောင်ဘက် နယ်စပ်နား ကမ်းလွန်ရေပြင်မှာ ပစ်သတ်ခံရတာပါ။ ငါးဖမ်းသမား ညီအစ်ကိုတွေထဲက ၁ ဦးလည်း ဒဏ်ရာရလို့ အီဂျစ်မှာ ဆေးကုသ ခံနေပါတယ်။ အသက်မွေးဝမ်းကြောင်းဖို့ ထွက်လာတဲ့သူတွေအပေါ် အခုလို ပစ်ခတ်တာဟာ ကျိုးကြောင်းပြချက်မရှိဘူးလို့ ဟားမတ်စ်တွေက ကြေညာချက် ထုတ်ပြန်ခဲ့ပြီး အီဂျစ် တာဝန်ရှိသူတွေကို မေးမြန်းတာ မရသေးဘူးပါဘူး။ ငါးဖမ်းလှေက အီဂျစ် ရေပိုင်နက်ထဲ ရောက်မရောက် ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ လုံခြုံရေးစိုးရိမ်တာကြောင့် အစ္စရေးဟာ ဂါဇာကမ်းမြှောင်ကို ရေတပ်နဲ့ ပိတ်ထားပြီး ငါးဖမ်းခွင့် ကန့်သတ်ချက် အမျိုးမျိုးကိုလည်း ချမှတ်ထားပါတယ်။ အီဂျစ်ဟာလည်း သူ့နယ်စပ်နဲ့ ဂါဇာကမ်းမြှောင်တလျှောက် ပစ္စည်းတွေနဲ့ အသွားအလာ ဝင်ထွက်တာတွေကို ကန့်သတ်ထားပါတယ်။
8 months Ago
Up