အီဂျစ်ဘိုးဘိုးကြီး

October 20, 2020

ကမ္ဘာ့အသက်အကြီးဆုံး ပရိုဘောလုံးသမားအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ခဲ့သည့် အီဂျစ်ဘိုးဘိုးကြီး 

အီဂျစ်နိုင်ငံက အက်ဇ်ဇဲလ်ဒင် ဘာဟာဒါလို့ ခေါ်တဲ့ ဘိုးဘိုးကြီးတစ်ဦးဟာ သူ့အသင်းအတွက် ဒုတိယမြောက်ပွဲကို ပွဲချိန်ပြည့် ပါဝင်ကစားပေးကာ ကမ္ဘာ့အသက်အကြီးဆုံး သက်ရှိထင်ရှား ပရော်ဖက်ရှင်နယ် ဘောလုံးသမားဆိုတဲ့ စံချိန်ကို ရရှိခဲ့ပါတယ်‌။ ဘာဟာဒါဟာ လာမယ့် နိုဝင်ဘာ ၃ ရက်မှာ အသက် ၇၅ နှစ်ပြည့်တော့မှာပါ။ သူဟာ အသက် ၇၄ နှစ်နဲ့ အသက်အကြီးဆုံး ပရော်ဖက်ရှင်နယ် ဘောလုံးသမားအဖြစ် မှတ်တမ်းဝင်ခဲ့သူ ဖြစ်ပါတယ်။ သူ့မှာမြေး ၆ ယောက်ရှိပြီး မြေးအားလုံးကလည်း အဘိုးဖြစ်သူ ကစားတဲ့ ကိုင်ရိုမြို့ အိုလံပစ် အားကစားကွင်းကို လာရောက်ကြည့်ရှုခဲ့ပါတယ်။ ဂင်းနစ်စံချိန်တင် မှတ်တမ်းအဖွဲ့က ကမ္ဘာ့အသက်အကြီးဆုံး ဘောလုံးသမားအဖြစ် သတ်မှတ်ခံရဖို့ အသင်းအတွက် အနည်းဆုံးပွဲ ၂ ပွဲကို ပွဲချိန်ပြည့်ကစားရမယ်လို့ သတ်မှတ်ထားပါတယ်။  ဘိုးဘိုးကြီး ဘာဟာဒါဟာ သူ့ရဲ့ပထမပွဲကို မတ်လ ၇ ရက်နေ့မှာ ကစားခဲ့ပါတယ်။ ဒုတိယပွဲစဉ်ကို ကစားတော့မယ့် အခြေအနေမှာ ကိုဗစ်ရောဂါပျံ့နှံ့မှုကြောင့် အီဂျစ် ပြည်တွင်းပွဲစဉ်တွေ ရပ်နားခဲ့ရပြီး သူ့ရဲ့ကြိုးစားမှုဟာလည်း နှောင့်နေးခဲ့ရပါတယ်။ ဒါ့ကြောင့် အောက်တိုဘာ ၆ ရက်နေ့မှာမှ သူ့ရဲ့ဒုတိယပွဲအဖြစ် အီဂျစ်တတိယတန်းကလပ် အယ်လ်အယတ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။  ဒီပွဲမှာ ဘာဟာဒါရဲ့အသင်းဟာ ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ဘာဟာဒါနဲ့ သူ့မိသားစုဝင်တွေကတော့ သူ့ရဲ့အောင်မြင်မှုအတွက် ဝမ်းမြောက်ခဲ့ရပါတယ်။  ဘိုးဘိုးကြီးဟာ ဒီ ၂ ပွဲစလုံးမှာ ပင်နယ်တီကနေ ဂိုးသွင်းဖို့ အခွင့်အရေးရရှိခဲ့ပေမယ့် တစ်ပွဲမှာတော့ ပင်နယ်တီကို လွဲချော်ခဲ့ပါတယ်။  ဘာဟာဒါက “ကျနော့် အခုစံချိန်ကို ကိုယ်တိုင်နောက်တစ်ကြိမ်လောက် ထပ်ချိုးဖို့ စိတ်ကူးထားပါတယ်။ ဒါဆိုရင် ဒါဟာ လွယ်လွယ်နဲ့ ကျိုးပျက်တော့မှာမဟုတ်ပါဘူး” လို့ ပြောပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာသူဟာ ဘယ်အသင်းနဲ့မှ စာချုပ်ချုပ်ဆိုထားခြင်း မရှိတာကြောင့် ဒါကို အကောင်အထည်ဖော်ဖို့ဟာ လွယ်ကူမှာတော့ မဟုတ်ပါဘူး။  ဘိုးဘိုးကြီး ဘာဟာဒါဟာ ကိုင်ရိုအခြေစိုက်ကလပ်အသင်းနဲ့ ၂၀၂၀ မတ် ၇ ရက်ကမှ သူ့ရဲ့ပထမဆုံးသော ပရော်ဖက်ရှင်နယ် ပွဲကို ကစားခဲ့တာပါ။ သားသမီး ၄ ယောက်ရဲ့ဖခင် ဘာဟာဒါဟာ ပထမဆုံးပွဲမှာတင် ပင်နယ်တီကနေ ဂိုးသွင်းနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဘာဟာဒါမတိုင်ခင် ကမ္ဘာ့အသက်အကြီးဆုံး ပရော်ဖက်ရှင်နယ် ဘောလုံးသမားအဖြစ် စံချိန်တင်ထားသူဟာ အစ္စရေးနိုင်ငံသား အီဆတ်ဟာရစ်ဖြစ်ပြီး အသက် ၇၃ နှစ်အရွယ် ၂၀၁၉ ခုနှစ်အစောပိုင်းမှာ အစ္စရေးကလပ် အိုင်ရိုနီအတွက် ကစားပေးခဲ့ပြီး ရရှိခဲ့ပါတယ်။
1 year Ago
Up