အီဂျစ်နိုင်ငံ လွှတ်တော်အသစ် စတင်ကျင်းပ

January 11, 2016

အီဂျစ်နိုင်ငံ လွှတ်တော်အသစ် စတင်ကျင်းပ

အီဂျစ်နိုင်ငံရဲ့ လွှတ်တော်အသစ်ကို ဇန်န၀ါရီ ၁၀ ရက်နေ့မှာ စတင်ကျင်းပနေပြီလို့ နိုင်ငံပိုင်ရုပ်သံက ထုတ်လွှင့်သွားပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ကျော်လောက်က လွှတ်တော်အဟောင်းကို ဖျက်သိမ်းအပြီး ၃ နှစ်ကျော်လာတဲ့ ခုချိန်မှာတော့ လွှတ်တော်အမတ်သစ်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ကျမ်းကျိန်လွှာကို ရွတ်ဆိုနေကြပါပြီ။ လွှတ်တော်စတင်တဲ့ ပထမနေ့မှာပဲ လွှတ်တော်အတွက် ပြောရေးဆိုခွင့်ရှိသူ တဦးကို ရွေးချယ်ဖို့ရှိပြီး ၁၅ ရက်တာ ကာလအတွင်းမှာ လွှတ်တော်ဆိုင်းငံ့ထားတဲ့ ကာလအတွင်း နိုင်ငံတော်အုပ်ချုပ်ရေးအဖွဲ့မှ တင်သွင်းထားတဲ့ ရာနဲ့ချီတဲ့ ဥပဒေတွေကို အတည်ပြုပေးဖို့ ရှိပါတယ်။ အီဂျစ်နိုင်ငံရဲ့ နောက်ဆုံးလွှတ်တော်ကို အာဏာရှင် ဟော့စနီမူဘာရက်ရဲ့ နှစ်ပေါင်း ၃၀ အုပ်စိုးမှု နိဂုံးချုပ်သွားပြီးနောက်ပိုင်း ပထမဆုံး လွတ်လပ်စွာ မဲဆန္ဒပေး ရွေးချယ်ခွင့်ရခဲ့တဲ့ ၂၀၁၁-၁၂ မှာ ရွေးချယ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီအချိန်က ရွေးကောက်ပွဲ ဥပဒေတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီဘူးဆိုပြီး နိုင်ငံတော်တရားရုံးကနေ ၂၀၁၂ နှစ်လယ်ပိုင်းမှာ လွှတ်တော်ကို ဖျက်သိမ်းခဲ့ပါတယ်။ နောက် ၁ နှစ်အကြာမှာတော့ မူဘာရက်နေရာကို ဆက်ခံသူ မွတ်စလင်ညီအစ်ကိုတော်များအဖွဲ့မှ မိုဟာမက်မော်စီကို အဗ္ဗဒလ်ဖာတာ အလ်စီစီ ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။ လက်ရှိသမ္မတ စီစီကို သစ္စာခံသူတွေ အများစု လွှမ်းမိုးထားတဲ့ အခု လွှတ်တော်အသစ်မှာတော့ ရွေးကောက်ခံ လွှတ်တော်အမတ် ၅၆၈ ဦးနဲ့ သမ္မတက တိုက်ရိုက်ခန့်အပ်သူ ၂၈ ဦး ရှိပါတယ်။ အစ္စလာမ္မစ်တွေနဲ့ တခြား အတိုက်အခံအုပ်စုတွေကို လုံခြုံရေးအရ နှိမ်နင်းပြီး လွှတ်တော်သစ်မှာ လွှတ်တော်အမတ်သစ်တွေကို ရွေးကောက်ပွဲ ကျင်းပပြီး ရွေးချယ်ထားတာလို့ ဝေဖန်ရေးဆရာတွေက ပြောကြပါတယ်။
6 years Ago
Up