အီဂျစ်ကော့ပ်တစ်

April 9, 2017

အီဂျစ်ကော့ပ်တစ်ဘုရားကျောင်း ဗုံးပေါက်ကွဲမှု ၁၃ ဦး သေဆုံး

အီဂျစ်နိုင်ငံမြောက်ပိုင်းက ဘုရားကျောင်းတခုမှာ ဧပြီလ ၉ ရက်နေ့က ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပြီး အနည်းဆုံး လူ ၁၃ ဦး သေဆုံးတယ်လို့ နိုင်ငံပိုင် သတင်းဌာနတွေက ပြောကြောင်း ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။ ဗုံးပေါက်ကွဲမှုက နိုင်းလ်မြစ်ဝကျွန်းပေါ်ဒေသရှိ တန်တာမြို့က စိန်ဂျော့ခ်ျ ကော့ပ်တစ်ဘုရားကျောင်းမှာဖြစ်ပြီး အနည်းဆုံးလူပေါင်း ၄၀ လောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုတာပါ။ ဒီလို ဘာကြောင့် ပေါက်ကွဲမှုဖြစ်လဲဆိုတာ ခုထိမသိသေးပေမယ့် အီဂျစ်ခရစ်ယာန်အနည်းစုဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း အစ္စလာမ္မစ်စစ်သွေးကြွတွေရဲ့ မကြာခဏ ဦးတည်တိုက်ခိုက်မှုကို ခံနေရတာပါ။ ကိုင်ရိုမြို့ ကော့ပ်တစ်ဘုရားရှစ်ခိုးကျောင်းကြီး ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလကလည်း လူ ၂၅  ဦး သေဆုံးခဲ့ပါတယ်။ အထူးသဖြင့် ရွေးကောက်ခံ သမ္မတကို စစ်တပ်က ဖယ်ရှားပြီး အစ္စလာမ္မစ်တွေကို ဖြိုခွဲခဲ့တဲ့ ၂၀၁၃ ခုနှစ်ကစလို့ ကော့ပ်တစ်ခရစ်ယာန်ဘုရားကျောင်းတွေမှာ ပြီးခဲ့တဲ့နှစ်တွေက အကြမ်းဖက်တိုက်ခိုက်မှုတွေ မြင့်တက်လာတာလို့ သိရပါတယ်။
4 years Ago
Up