အီဂျစ်သမ္မတဟောင်း မော်စီကို ထောင်ဒဏ်အနှစ် ၄၀ ထပ်မံချမှတ်

June 18, 2019

အီဂျစ်သမ္မတဟောင်း မော်စီ တရားရုံး၌ အမှုကြားနာနေချိန် ရုတ်တရက် နှလုံးရပ်သေဆုံး

အီဂျစ်သမ္မတဟောင်း မိုဟာမတ်မော်စီဟာ ဇွန် ၁၇ ရက်က ကိုင်ရိုမြို့က တရားရုံးတခုမှာ သူလျှိုမှု စွဲချက်တွေအတွက် အမှုကြားနာနေချိန် ရုတ်တရတ် နှလုံးရပ်ပြီး သေဆုံးသွားပါတယ်။ အသက် ၆၇ နှစ်အရွယ် မော်စီဟာ ဆီးချိုနဲ့ သွေးတိုးရောဂါတွေကို ခံစားနေရပြီး အကျဉ်းချခံထားရချိန်မှာ ဆေးကုသမှု မခံယူခဲ့ရဘူးလို့ နိုင်ငံတကာ မီဒီယာတွေက ဖော်ပြပါတယ်။ ဒါပေမယ့် သူဟာ ကိုင်ရိုမြို့ရဲစခန်းနဲ့ ပုဂ္ဂလိကဆေးရုံတရုံမှာ ဆေးကုသမှု ခံယူခဲ့တယ်လို့ သတင်းရင်းမြစ်တခုရဲ့ ပြောကြားချက်ကို ကိုးကားပြီး နိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။ တရားမ၀င်အဖွဲ့အစည်းအဖြစ် တားမြစ်ခံထားရတဲ့ Muslim Brotherhood အဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင် တဦးဖြစ်တဲ့ မော်စီဟာ ၂၀၁၂ ခုနှစ်မှာ အီဂျစ်သမ္မတ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၃ ခုနှစ်က အီဂျစ်နိုင်ငံကို စစ်အာဏာသိမ်းချိန်မှာ စစ်တပ်က သူ့ကို သမ္မတ ရာထူးက ဖြုတ်ချပြီး  ထောင်ချလိုက်တာပါ။ မောစီဟာ အီဂျစ်နိုင်ငံ ခေတ်သစ်သမိုင်းမှာ ပထမဆုံး ဒီမိုကရေစီ နည်းလမ်းကျ ရွေးကောက်ခံ သမ္မတအဖြစ် မှတ်တမ်းဝင်ခဲ့သူပါ။ Muslim Brotherhood အဖွဲ့က မော်စီသေဆုံးမှုဟာ လူသတ်မှု ဖြစ်တယ်လို့ စွပ်စွဲပြီး သူ့ရဲ့ ဈာပနအခမ်းအနားမှာ အီဂျစ်နိုင်ငံသားတွေစုဝေးကြဖို့ ဇွန်လ ၁၇ ရက်နေ့က တောင်းဆို လိုက်ပါတယ်။ မော်စီရဲ့ သေဆုံးမှုဟာ အထူးသဖြင့် အကျဉ်းထောင်အတွင်း လူ့အခွင့်အရေးစံနှုန်းနဲ့ ပတ်သက်ပြီး အီဂျစ်အစိုးရအနေနဲ့ နိုင်ငံတကာအသိုင်းရဲ့ ဖိအားတွေနဲ့ ရင်ဆိုင်ရဖွယ်ရှိပါတယ်။
2 years Ago

June 19, 2016

အီဂျစ်သမ္မတဟောင်း မော်စီကို ထောင်ဒဏ်အနှစ် ၄၀ ထပ်မံချမှတ်

အီဂျစ်သမ္မတဟောင်း မိုဟာမက် မော်စီကို နိုင်ငံတော်လျှို့ဝှက်ချက် တခြားတနိုင်ငံကို ပေါက်ကြားမှုနဲ့ ဇွန် ၁၈ ရက်နေ့ ထောင်ဒဏ်အနှစ် ၄၀ ထပ်မံချမှတ်လိုက်ပါတယ်။ ကာတာနိုင်ငံအခြေစိုက် အယ်ဂျာဇီးယားသတင်းထောက် ၂ ဦး အပါအ၀င် တခြားသူ ၆ ဦးလည်း  ဒီအမှုနဲ့ စွပ်စွဲရုံးတင်ခံရပြီး သူတို့ကတော့ သေဒဏ်ချမှတ်ခံရပါတယ်။ သတင်းထောက် ၂ ဦးကိုတော့ မျက်ကွယ်မှာ သေဒဏ်ချမှတ်ခဲ့တာပါ။ သမ္မတဟောင်း မော်စီကတော့ နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ ပြစ်ဒဏ်ချမှတ်ခံရတာမဟုတ်ပဲ တရားမ၀င်အဖွဲ့အစည်းကို ဦးဆောင်မှုနဲ့ ချမှတ်ခံရတာလို့ သူ့ရဲ့ရှေ့နေကပြောဆိုပါတယ်။ မော်စီဟာ အကြမ်းဖက်ဆန္ဒပြပွဲတွေကို သွေးထိုးလှုံ့ဆော်မှုနဲ့ ထောင်ဒဏ် တသက်တကျွန်း ချခံထားရတာလည်းဖြစ်ပါတယ်။ အခုတရားရုံး ဆုံးဖြတ်ချက်တွေအားလုံးကို အယူခံဝင်နိုင်ပါတယ်။ အီဂျစ်နိုင်ငံရဲ့ ညံ့ဖျင်းတဲ့ တရားရေးစနစ်ကို နိုင်ငံတကာလူအခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက အပြင်းအထန် ပြစ်တင်ရှုတ်ချနေတဲ့အချိန်မှာ အခုနောက်ဆုံး ပြစ်ဒဏ်တွေ ထပ်မံချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။ သမ္မတဟောင်း မော်စီဟာ ၂၀၁၃ ခုနှစ်က ဖြုတ်ချခံရပြီး မော်စီဦးဆောင်တဲ့ မွတ်စလင်ညီအစ်ကိုတော်များပါတီ ထောက်ခံသူ ထောင်နဲ့ချီပြီးတော့လည်း ထောင်ဒဏ်တွေ ချမှတ်ခံထားကြရပါတယ်။
5 years Ago
Up