အီဂျစ်တွင် နှစ်ပေါင်း ၄၄၀၀ ဝန်းကျင်က အုတ်ဂူသစ်တခု တွေ့ရှိ

February 6, 2018

အီဂျစ်တွင် နှစ်ပေါင်း ၄၄၀၀ ဝန်းကျင်က အုတ်ဂူသစ်တခု တွေ့ရှိ

အီဂျစ်နိုင်ငံ ဂီဇာမြို့က ပိရမစ်တွေနားမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၄၀၀ ဝန်းကျင်က အုတ်ဂူသစ်တခုကို တွေ့ခဲ့တယ်လို့ အီဂျစ် ရှေးဟောင်းသုတေသန ဝန်ကြီးဌာနက  ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ပြောပါတယ်။ ထင်ရှားတဲ့ ပိရမစ်တွေတည်ရှိရာ မြို့အနောက်ပိုင်း သင်္ချိုင်းက ကုန်းပြင်မြင့်နေရာမှာ ရှေးဟောင်းသုတေသန အထူးအဖွဲ့ လုပ်ငန်းအတွင်း အဲဒီအုတ်ဂူကို တွေ့ခဲ့တာပါ။ အဲဒီအုတ်ဂူဟာ ရှေးဟောင်း ၁၅ ဆက်မြောက် အီဂျစ်ဘုရင်နန်းဆက် အဆုံးသတ်ကာလ ဘီစီ ၂၄ ရာစုနှစ်တွင်း တော်ဝင်နန်းတော်ရဲ့ ထိပ်တန်းအရာရှိ အမျိုးသမီး “ထေ့ (Hetpet)” ရဲ့အုတ်ဂူလို့ သိရပါတယ်။ အုတ်ဂူကို ခိုင်ခန့်တဲ့ နံရံဆေးသားတွေနဲ့ တမူထူးခြားအောင် အလှဆင်ထားတာပါ။ အုတ်အူနံရံတွေမှာ အမဲလိုက်နေတဲ့ပုံ၊ ငါးဖမ်းနေတဲ့ပုံတွေလည်း ရှိနေပါတယ်။ စားပွဲကြီးရဲ့ရှေ့မှာ ထိုင်နေတဲ့ သူ့ကို သားသမီးတွေက ပေးကမ်းနေတာကို လက်ခံနေတဲ့ပုံလည်း အုတ်ဂူနံရံမှာ တွေ့မြင်ရပါတယ်။ “အီဂျစ်မှာ ကျနော်တို့ မြေကြီးပေါ် တွေ့မြင်ရတာတွေက မြေအောက်မှာ တကယ်တွေ့ရတာရဲ့ ၄၀ ရာခိုင်နှုန်းတောင် မရှိပါဘူး။ ဒါကြောင့် ကျေန်ာတို့ ဆက်လက်စူးစမ်း လေ့လာဦးမှာပါ။ ၂၀၁၇ ခုနှစ်က ရှာဖွေလေ့လာရေးနှစ် တနှစ်ပါ။ ၂၀၁၈ ခုနှစ်ကတော့ ရှာဖွေလေ့လာရေးနဲ့ တူးဖော်ရေးနှစ် ဖြစ်လာပါလိမ့်မယ်။ အီဂျစ်ဟာ ရှေးဟောင်းယဉ်ကျေးမှု၊ သမိုင်းကြောင်း၊ မြို့ပြတည်ရှိမှုတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒါကို နေ့ရက်တိုင်းမှာ ကျနော်တို့ သက်သေပြသနေပါတယ်” လို့ ရှေးဟောင်းသုတေသနကောင်စီ အတွင်းရေးမှူး ဒေါက်တာ မိုစတာဖာ ဝါဇီရီက ပြောပြပါတယ်။ နောက်ထပ် သင်္ချိုင်းတခုကိုလည်း မကြာခင်မှာ ဖော်ထုတ်မယ်လို့ သူက ပြောခဲ့ပါတယ်။
3 years Ago
Up