အီဂျစ်တွင်

March 1, 2018

အီဂျစ်တွင် ရထားတိုက်မှုကြောင့် လူ ၁၅ ဦးသေ၊ ၄၀ ခန့် ဒဏ်ရာရ

အီဂျစ်နိုင်ငံမြောက်ပိုင်း ဘီဟဲရားပြည်နယ်မှာ ဖေဖော်ဝါရီ ၂၈ ရက်က ရထားတိုက်မှုကြောင့် အနည်းဆုံး ၁၅ ဦးသေဆုံးပြီး ၄၀ လောက် ဒဏ်ရာရခဲ့ပါတယ်။ ခရီးသည်တင်ရထားတစီးက ရထားတွဲနှစ်တွဲပြုတ်ထွက်ပြီး ကုန်တင်ရထားတစီးနဲ့ တိုက်မိခဲ့တာပါ။ ဝန်ကြီးချုပ် ရှာရစ်အစ္စမေးလ်က အခင်းဖြစ်ရာကို သွားရောက်ကြည့်ရှုဖို့ သယ်ယူပို့ဆောင်ရေးဝန်ကြီးကို ညွှန်ကြားခဲ့ပါတယ်။ အီဂျစ်အစိုးရ အဆက်ဆက်ဟာ ရထားသယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုအတွက် အခြေခံလုံခြုံရေး စံချိန်စံညွှန်းပြည့်မီအောင် ဆောက်ရွက်ပေးနိုင်ခြင်း မရှိတဲ့အတွက်   ပြည်သူတွေက ကာလရှည် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လကလည်း ရထားတိုက်မှုတခု ဖြစ်ပွားခဲ့ပြီး လူ ၄၂ ဦးသေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago

February 25, 2018

အီဂျစ်တွင် ရှေးဟောင်း ကျောက်သားအပိတ်ခေါင်းတလား ၄၀ တွေ့ရှိ

သမိုင်းဆိုင်ရာ ထိုးဖောက်ကျော်ဖြတ်မှုတခုအဖြစ် ကိုင်ရိုမြို့ပြင် အီဂျစ်မြို့တခုမှာ ကျောက်သားအပိတ် ခေါင်းတလား ၄၀ နဲ့အတူ ရှေးဟောင်း ဂူသင်္ချိုင်းတခုကို ရှေးဟောင်းသုတေသနပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အီဂျစ်အထက်ပိုင်း မြို့တော်မင်းယာက သင်္ချိုင်းဂူတခုမှာ ရုပ်တုအသေးလေးတွေ ၁ ထောင်အထိ ပါရှိပြီး မတူထူးခြားတဲ့အဆောင် ဆွဲကြိုးတကုံးနဲ့ ကျောက်သားခေါင်းတလား ၄၀ တွေ့ရှိတယ်လို့ သိရပါတယ်။ တွေ့ရှိတဲ့နေရာက နှစ်ပေါင်း ၂ ထောင်ကျော် သက်တမ်းရှိပြီး ရှေးဟောင်းသုတေသီတွေကလည်း ဆက်လက်တူးဖော် ရှာဖွေနေကြပါတယ်။ ဒီရှာဖွေတွေ့ရှိမှုက ရှေးဟောင်းသုတေသနပိုင်းမှာ အောင်မြင်မှုအမှတ်အသား တခုတည်းသာမကပဲ နိုင်ငံရဲ့ ခရီးသွားလာရေး လုပ်ငန်းအတွက်ပါ အကျိုးများမယ်လို့ ဆိုပါတယ်။ အခုတွေ့ရှိတဲ့ နေရာကို ရှာဖွေဖော်ထုတ်ဖို့ နောက်ထပ် ၅ နှစ်လောက်ကြာမယ်လို့ မျှော်မှန်းနေကြပြီး အီဂျစ်နိုင်ငံရဲ့ နိုင်ငံခြားခရီးသွားလာရေးလုပ်ငန်း အားကောင်းလာဖို့ အစပြုတာလို့ အီဂျစ်တာဝန်ရှိသူတွေက မျှော်မှန်းထားပါတယ်။ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာတော့ ရှေးဟောင်းပစ္စည်း ဝန်ကြီး ခါလက်ဒ်အယ်အီးနာနီက “ဒါက အစပြုရုံပဲ ရှိပါသေးတယ်၊ ကျနော်တို့ မကြာခင် အီဂျစ်အလယ်ပိုင်းမှာ ရှေးဟောင်းနဲ့ဆိုင်တဲ့ စွဲဆောင်မှုအသစ်တွေ ထပ်ဖြည့်သွားမှာပါ” လို့ ပြောပါတယ်။ ရှေးဟောင်းပစ္စည်းဆိုင်ရာ အကြီးဆုံးကောင်စီရဲ့ အထွေထွေ အတွင်းရေးမှူး မိုစတာဖာဝါဇီရီက “ပြီးခဲ့တဲ့ နှစ်သစ်ပွဲတော်မှာ ရှာဖွေတွေ့ရှိခဲ့တဲ့ အဆောင်ဆွဲကြိုးက နှစ်သစ်ဆုတောင်း ပါရှိနေတာကလည်း အံ့သြဖွယ်ရာ တိုက်ဆိုင်မှုဖြစ်တယ်။ သေဆုံးပြီးတဲ့နေရာကနေ ကျနော်တို့ဆီ သတင်းစကား ပါးလိုက်တာ” လို့ ပြောကြောင်း မေရာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
3 years Ago
Up