အီဂျစ်တိရစ္ဆာန်ရုံ

September 2, 2018

မြည်းများကို မြင်းကျားအဖြစ် ဆေးဆိုးပြသခြင်းမရှိဟု အီဂျစ်တိရစ္ဆာန်ရုံ ရှင်းလင်း

မြည်းတွေကို ဆေးဆိုးကာ မြင်းကျားအဖြစ် ပြသထားခြင်း မရှိကြောင်း အီဂျစ်တိရိစ္ဆာန်ရုံတရုံက ပြန် လည်ဖြေရှင်းခဲ့တယ်လို့ cbs သတင်းမှာဖော်ပြပါတယ်။ ဒီတိရစ္ဆာန်ရုံက မြည်းတွေအား ဆေးဆိုးပြီး လာရောက်သူတွေကို လိမ်ညာနေကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးတဲ့နောက်မှာ တိရစ္ဆာန်ရုံတာဝန်ရှိသူတွေက အခုလို ပြန်လည်ဖြေရှင်းလိုက်တာပဲ ဖြစ်ပါတယ်။ အစွပ်စွဲခံရတဲ့ တိရစ္ဆာန်ရုံဟာ ကိုင်ရိုမြို့မှာရှိတဲ့ အင်တာနေရှင်နယ်ဂါးဒန်းဖြစ်ပြီး စွပ်စွဲမှုကို မာမွတ်ဆာ ဟန်ဆိုတဲ့ ကျောင်းသားတယောက်က စတင်ခဲ့တာပဲဖြစ်ပါတယ်။ နောက်ပိုင်းမှာမှ မာမွတ်ရဲ့ဓာတ်ပုံက အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီး တိရစ္ဆာန်ရုံဟာလည်း ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်လာရတာဖြစ်ပါတယ်။ မာမွတ်က တိရစ္ဆာန်ရုံမှာရှိတဲ့ မြင်းကျားနှစ်ကောင်ဟာ မြည်းတွေကို ဆေးဆိုးထားတာ ဖြစ်တယ်လို့ စွပ်စွဲခဲ့ပေမယ့် တိရစ္ဆာန်ရုံ ဒါရိုက်တာကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆန်ကာ သူတို့ဆီက မြင်းကျားတွေဟာ တကယ်မြင်းကျား အစစ်အမှန်တွေဖြစ်တယ်လို့ ပြန်လည်ချေပလိုက်တာပဲ ဖြစ်ပါတယ်။ အီဂျစ်နိုင်ငံမှာ မြည်းတွေကို ဆေးဆိုးပြီး မြင်းကျားအဖြစ် ပြသထားတဲ့ကိစ္စဟာ ဒီတခေါက်ပထမဆုံးတော့ မဟုတ်ပါဘူး။ ၂ဝဝ၉ ခုနှစ်တုန်းကလည်း ဂါဇာမှာရှိတဲ့ တိရစ္ဆာန်ရုံတခုဟာ ဒီလိုလုပ်တယ်လို့ဝန်ခံခဲ့ရပြီး အစ္စရေးရဲ့ ပိတ်ဆို့မှုတွေကြောင့် မြင်းကျားအစစ်ကို မဝယ်နိုင်တာလို့လည်း ပြောခဲ့ပါတယ်။ တိရစ္ဆာန်တွေကို ဆေးဆိုးပြီး အခြားတိရစ္ဆာန်ပုံစံမျိုးပြသမှုကို သတင်းတွေမှာ မကြာခဏ မြင်တွေ့ရလေ့ရှိပြီး ၂ဝ၁၃ ခုနှစ်တုန်းကလည်း တရုတ်မှာရှိတဲ့ တိရစ္ဆာန်ရုံတခုဟာ ကြီးမားတဲ့ ခွေးကြီးတွေကို ပြင်ဆင်ပြီး ခြင်္သေ့အဖြစ် ပြသခဲ့လို့ ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချ ခံခဲ့ရဖူးပါတယ်။
3 years Ago
Up