အိန္ဒိယ အလုပ်သမားသမဂ္ဂများ နိုင်ငံအနှံ့ သပိတ်မှောက်

A d v e r t i s e m e n t With Us

September 3, 2016

အိန္ဒိယ အလုပ်သမားသမဂ္ဂများ နိုင်ငံအနှံ့ သပိတ်မှောက်

အိန္ဒိယ အလုပ်သမား သမဂ္ဂတွေက လုပ်ခလစာ တိုးမြှင့်ရေး စက်တင်ဘာ ၂ ရက်နေ့မှာ နိုင်ငံအနှံ့ သပိတ်မှောက်လိုက်ကြပါတယ်။ နိုင်ငံမှာ အရှုံးပေါ်နေပြီး အစိုးရက လည်ပတ်နေတဲ့ လုပ်ငန်းတွေကိုပိတ်ချဖို့ စီမံကိန်းတွေ၊ အစိုးရဝန်ထမ်း ပြုပြင်ပြောင်းလဲရေးတွေကို ဆန့်ကျင် ဆန္ဒပြဖို့ အလုပ်သမား သမဂ္ဂတွေက နိုင်ငံနဲ့ချီတဲ့ သပိတ်ကို စီစဉ်ခဲ့တာပါ။ အစိုးရရဲ့ သပိတ်လှန်ဖို့ တောင်းဆိုချက်ကို သမဂ္ဂတွေက ပယ်ချခဲ့ပါတယ်။ အစိုးရက သူတို့တောင်းဆိုချက်ကို ဖြည့်ဆည်းဖို့ ပျက်ကွက်တယ်လို့လည်း အိန္ဒိယအလုပ်သမားသမဂ္ဂများ ကွန်ဂရက် (AITUC) နဲ့ (CITU) သမဂ္ဂတို့က အင်္ဂါနေ့က ပြောခဲ့ပါတယ်။ အစိုးရက အလုပ်သမားတွေနဲ့ စကားမပြောဘဲ ကော်ပိုရိတ် လုပ်ငန်းကြီးတွေနဲ့သာ ပြောခဲ့တယ်၊ ကော်ပိုရေးရှင်း လုပ်ငန်းစုကြီးတွေ အကြိုက်ကို လုပ်ခဲ့တယ်လို့ (AITUC)ရဲ့ နိုင်ငံလုံးဆိုင်ရာ အတွင်းရေးမှူးက ဆန္ဒပြပွဲအတွင်း ပြောပါတယ်။ လက်ရှိမှာ အနိမ့်ဆုံး လုပ်ခလစာကို တရက်ကို အမေရိကန်ဒေါ်လာ ၃ ဒသမ ၆၈ ကနေ ၉ ဒေါ်လာထိ တိုးပေးသင့်တယ်လို့  (INTUC) သမဂ္ဂဥက္ကဋ္ဌ ရာမန်ပန်ဒေးက ပြောပါတယ်။ အလုပ်သမားတိုင်း အနိမ့်ဆုံး အငြိမ်းစားလခကို ပိုများများ ရသင့်တယ် လူမှုဖူလုံရေးနဲ့ အလုပ်အကိုင် လုံခြုံမှုလည်း ရသင့်တယ်လို့ သူက ဆက်ပြောပါတယ်။ မွမ်ဘိုင်းနဲ့ ဘန်ဂါလူဂူ ပြည်နယ်တွေမှာ ဘဏ်တွေ၊ ဈေးတွေနဲ့ ဘတ်စ်ကားဂိတ်တွေကို သောကြာနေ့က ပိတ်ထားပါတယ်။ အများပြည်သူ ပံ့ပိုးမှု အင်္ဂါရပ်တွေနဲ့ အရေးကြီးတဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေ ဆိုးဆိုးရွားရွား မထိခိုက်စေဖို့ ပြည်ထောင်စု အစိုးရက ဝန်ကြီးဌာနတွေ အားလုံးကို တိုက်တွန်းခဲ့ပါတယ်။ ဝန်ကြီးချုပ် နရင်ဒြာမိုဒီလက်ထက် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုကို ဆွဲဆောင်ဖို့နဲ့ နိုင်ငံတွင်း စီးပွားရေး လုပ်ရာမှာ လွယ်ကူစေဖို့ အလုပ်သမား ဥပဒေကိုတွေကို ဖြေလျှော့ပေးဖို့ ကြိုးစားခဲ့ပါတယ်။ အစိုးရက လည်ပတ်နေတဲ့ လုပ်ငန်းတွေကို ပုဂ္ဂလိက လက်ထဲလွှဲပေးပြီး အမေရိကန်ဒေါ်လာ ၈ ဒသမ ၄၅ ဘီလျံ တိုးရဖို့အစိုးရက ရည်မှန်းထားပါတယ်။ အကြီးစား အလုပ်သမား သမဂ္ဂ တခုကတော့ မိုဒီရဲ့ ပါတီအတွက် အတွေးအခေါ် ပေါက်ဖွားပေးတဲ့ ဟိန္ဒူအမျိုးသားရေး ဝါဒီအုပ်စုနဲ့ မိတ်ဖက် ဖြစ်နေလို့ သပိတ်မှောက်ရာမှာ မပါခဲ့ပါဘူး။
4 years Ago
Up