အိန္ဒိယနိုင်ငံ၊ ဂူဂျာရက်ပြည်နယ်၊ မက်ဆန်နာဒေသထဲက ဆူရက်ကျေးရွာမှာ လက်မထပ်ရသေးတဲ့ အမျိုးသမီးတွေကို မိုဘိုင်းဖုန်းသုံးစွဲခွင့် ပိတ်ပင်ခဲ့တယ်လို့ ဟပ်ဖင် တန်ပို့စ်သတင်းမှာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ဖော်ပြပါတယ်။
လက်မထပ်ရသေးတဲ့ အမျိုးသမီးဟာ မိုဘိုင်းဖုန်းသုံးနေတာကို ဖမ်းမိတယ်ဆိုရင် ဒဏ်ကြေးငွေ အိန္ဒိယရူပီး ၂၁၀၀ ပေးရမှာဖြစ်ပြီး သတင်းပေးတဲ့သူကို ရူပီးငွေ ၂၀၀ ချီးမြှင့်သွားမယ်လို့ သတင်းအစီရင်ခံစာတစောင်မှာ ဖော်ပြပါတယ်။
ဆူရက်ကျေးရွာအကြီးအကဲ ဒဗ်ချီဘန်ကာက “မိန်းမငယ်တွေမှာ ဘာကြောင့် ဆဲလ်ဖုန်းလိုအပ်ရမှာလဲ။ ကျနော်တို့လို အလယ်အလတ်တန်းစားလူ့အဖွဲ့အစည်းအတွက် အင်တာနက်ဆိုတာ အချိန်ကုန်ငွေကုန်ဖြုန်းတီးမှုတခုပဲ။အမျိုးသမီးငယ်တွေအနေနဲ့ အချိန်ကို တခြားလေ့လာစရာလုပ်ငန်းဆောင်တာတွေမှာ အသုံးချသင့်တယ်”လို့ ပြောပါတယ်။
ဒါပေမယ့် လက်မထပ်ရသေးတဲ့ အမျိုးသမီးတွေအနေနဲ့ သူတို့ဆွေမျိုးသားချင်း တွေဆီ မိဘတွေရဲ့ဖုန်းမှတဆင့် ဆက်သွယ်ပြောဆိုတာတွေကိုတော့ ကန့်သတ်ထိန်း ချုပ်ထားတာမရှိဘူးလို့ သတင်းက ဆိုပါတယ်။
အဲဒီကျေးရွာမှာ နေထိုင်သူ ၂၅၀၀ ရှိပြီး ခုလိုဆုံးဖြတ်လိုက်တာကို အားလုံးပါဝင် လာစေရမယ်လို့ ကျေးရွာအကြီးအကဲက ပြောပါတယ်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့မျာ စတင်ခဲ့တဲ့ ခုလိုတားမြစ်မှုဟာ ဂူဂျာရက်ပြည်နယ် ရဲ့ တခြားနေရာနေတွေထိ ပျံ့နှံ့သွားခဲ့တာပါ။
“အမျိုးသားတွေကို အရက်သေစာသောက်စားမှုတားမြစ်တာနဲ့ အမျိုးသမီးတွေကို မိုဘိုင်းဖုန်းအသုံးပြုမှုပိတ်ပင်တာတွေဟာ လူ့အဖွဲ့အစည်းအတွက် အနှောင့်အယှက် ကြီးတခုဖြစ်လာပါတယ်။ အဲဒါက မိသားစုတွေကြားဆက်သွယ်ပတ်သက်မှုပြိုကွဲသွားစေ နိုင်ပါတယ်။ ဒါဟာ သူတို့(ရွာသားတွေ)ရဲ့ အကြံအစည်သက်သက်ပါပဲ”လို့ ဂူဂျာရက်ပြည်နယ် မြောက်ပိုင်း လူထုအဖွဲ့အစည်းခေါင်းဆောင်တဦးဖြစ်တဲ့ ရိုက်ခ်ကန်ဂျီသကောက ပြောပါတယ်။
5 years Ago