အိန္ဒိယ-ပါကစ္စတန် ၂ နိုင်ငံ အနုပညာရှင်များ ပါဝင်သည့် အမျိုးသားသီချင်း ရေပန်းစား

August 14, 2017

အိန္ဒိယ-ပါကစ္စတန် ၂ နိုင်ငံ အနုပညာရှင်များ ပါဝင်သည့် အမျိုးသားသီချင်း ရေပန်းစား (ရုပ်သံ)

အိန္ဒိယ-ပါကစ္စတန် ၂ နိုင်ငံမှ အနုပညာရှင်တွေ ပါဝင်သီဆိုထားတဲ့ အမျိုးသားသီချင်းဟာ လတ်တလော အင်တာနက်စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေပါတယ်။ ဒီသီချင်းကို သြဂုတ် ၁၄ ရက်နေ့မှာ ကျရောက်တဲ့ ပါကစ္စတန်နိုင်ငံရဲ့ နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့အကြို ထုတ်လွှင့်ခဲ့တာဖြစ်ပြီး ဝင်ရောက်ကြည့်ရှုတဲ့ အကြိမ်ရေ ၄ သိန်း ၇ သောင်းနီးပါး ရှိခဲ့တာပါ။ နှစ်နိုင်ငံကြား ကက်ရှ်မီးယားဒေသနဲ့ ပတ်သက်ပြီး ၂ ဘက် အပြန်အလှန်စစ်ပွဲတွေ၊ အငြင်းပွားမှုတွေ ဖြစ်ခဲ့ကြရတာမို့ ဒီသီချင်းဟာ ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့ အမျိုးသားရေးသီချင်းအဖြစ် ပူးပေါင်းဖန်တီးခဲ့ကြတာ ဖြစ်ပါတယ်။ သီချင်းကို ဖန်တီးခဲ့တဲ့ အဖွဲ့ကတော့ Voice of Ram ဆိုတဲ့ အဖွဲ့ဖြစ်ပြီး ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ငြိမ်းချမ်းရေး ရှေ့ဆောင်အဖွဲ့တဖွဲ့ ဖြစ်ပါတယ်။ ရုပ်သံသီချင်းဗွီဒီယိုရဲ့ အဖွင့်သီချင်းစာသားကိုတော့ “တို့ရဲ့ နယ်ခြားစည်းတွေကို အနုပညာ၊ ငြိမ်းချမ်းခြင်းတွေဆီ ဖွင့်လှစ်လိုက်တဲ့အခါ” ဆိုတဲ့ စာသားတွေနဲ့ သီကုံးထားခဲ့ပြီး နှစ်နိုင်ငံ အနုပညာရှင်တွေ သီဆိုထားခဲ့တဲ့ ဒီသီချင်းဟာ ရေပန်းစားနေခဲ့ကာ လက်ခံအားပေးမှုတွေ ရရှိနေတာပါ။ အပြုသဘောဆောင်တဲ့ ဝေဖန်မှတ်ချက်တွေနဲ့ လက်ခံအားပေးမှု ရရှိခဲ့တဲ့ ဒီသီချင်းရဲ့ အဆုံးပိုင်းမှာတော့ “ငါတို့ ငြိမ်းချမ်းရေးအတွက် အတူရပ်တည်ကြပါစို့” ဆိုပြီး အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။
4 years Ago
Up