အိန္ဒိယ ဒရုန်းယာဉ်တစင်း တရုတ်လေပိုက်နက်အတွင်း ပျက်ကျ

December 8, 2017

အိန္ဒိယ ဒရုန်းယာဉ်တစင်း တရုတ်လေပိုက်နက်အတွင်း ပျက်ကျ

အိန္ဒိယနိုင်ငံဘက်မှ ဒရုန်းယာဉ်တစင်းဟာ တရုတ်လေပိုင်နက်အတွင်းမှာ ပျက် ကျခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနရဲ့ အဆိုကို ကိုးကားပြီး ဘီဘီစီသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ခုလိုအပြုအမူဟာ တရုတ်နိုင်ငံရဲ့ ဒေသတွင်း အချုပ်အခြာအာဏာကို ချိုးဖောက်ရာ ရောက်တယ်လို့ တရုတ်စစ်ဘက်ဆိုင်ရာဗျူရိုမှ လက်ထောက်ညွှန်ကြားရေးမှူး ကျန်ရှီးလီက ဆိုပါတယ်။ ဒါပေမယ့် ဒီဒရုန်းယာဉ်ဟာ တရုတ်နိုင်ငံရဲ့ ဘယ်နေရာမှာ ပျက်ကျခဲ့တယ်ဆိုတာကိုတော့ သတင်းမှာ မဖော်ပြထားပါဘူး။ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ဟာ ဟိမ၀န္တာကုန်းပြင်မြင့်ကိစ္စနဲ့ ပတ်သက်ပြီး ၂ နိုင်ငံ အငြင်းပွားမှုတွေ ဖြစ်နေခဲ့ပြီး ဆက်ဆံရေး ပိုမိုဆိုးရွားလာခဲ့တာ ဖြစ်ပါတယ်။ တရုတ်၊ အိန္ဒိယနဲ့ ဘူတန်နိုင်ငံတွေကြား နယ်စပ်ရှိ ဒေါ့ခ်လမ် (Doklam) ကုန်းပြင်မြင့်မှာ တရုတ်နိုင်ငံရဲ့ လမ်းချဲ့ထွင်ဖို့ ကြိုးစားမှုကို အိန္ဒိယက ဆန့်ကျင်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့ ဇွန်လမှာ တရုတ်နဲ့အိန္ဒိယ ၂ နိုင်ငံကြား ဆက်ဆံရေးက ဆိုးရွားလာခဲ့တာပါ။ တရုတ်နဲ့ဘူတန်နိုင်ငံကလည်း ကုန်းပြင်မြင့်နဲ့ပတ်သက်ပြီး အငြင်းအခုန်ဖြစ်နေချိန်မှာ အိန္ဒိယနိုင်ငံကတော့ ဘူတန်နိုင်ငံဘက်ကို ထောက်ခံခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒီဒရုန်းယာဉ်ကိစ္စနဲ့ ပတ်သက်ပြီး အတည်ပြုနိုင်ဖို့ တရုတ်နယ်ခြား စောင့်တပ်တွေက ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဆန့်ကျင်ပြီး နိုင်ငံရဲ့ လုံခြုံရေးအတွက် အခိုင်အမာကာကွယ်သွားမယ်လို့ ကျန်ရှီးလီက ပြောလိုက်ပါတယ်။ နယ်စပ်အရေးနဲ့ပတ်သက်ရင် ၁၉၆၂ ခုနှစ်ကတည်းက တရုတ်နဲ့ အိန္ဒိယ ၂ နိုင်ငံ စစ်ပွဲတွေ ဖြစ်ခဲ့ရပြီး နယ်မြေတော်တော်များများမှာ အငြင်းပွားမှုတွေကို မဖြေရှင်းနိုင်ပဲ ဖြစ်နေခဲ့ကာ အဲဒီလို ဖြစ်နေတာက ၂ နိုင်ငံကြား တင်းမာမှုကို မကြာခနဖြစ်စေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
3 years Ago
Up