အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်း တမီးလ်-နာဒူဒေသ ချန်နိုင်းမြို့နဲ့ အိမ်နီးချင်း အန်ဒရာ-ပရာဒက်ရှ် ဒေသတွေမှာ ဒီဇင်ဘာ ၁၃ ရက်နေ့က ဗါဒါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်တာကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ပါတယ်။
မုန်တိုင်းကြောင့် လူထောင်နဲ့ချီ နေရာပြောင်းရွှေ့ထားရသလို သစ်ပင်နဲ့ လျှပ်စစ်ဓာတ်အားလိုင်း အများအပြားလည်း ပြိုကျပျက်စီးခဲ့ပါတယ်။
ဗါဒါမုန်တိုင်းဟာ လေတိုက်နှုန်း တနာရီ ၈၇ မိုင်နှုန်းနဲ့ လူနေထူထပ်ရာ ကမ်းခြေကို ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် သစ်ပင်နဲ့ လူနေအဆောက်အဦတွေ ထိခိုက်ပျက်စီးပြီး လျှပ်စစ်ဓာတ်အားလိုင်းတွေ ပြတ်တောက်ကုန်တယ်လို့ အိန္ဒိယမိုးလေဝသဌာနက သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် ချန်နိုင်းလေဆိပ်ကနေ ပျံသန်းမယ့် လေယဉ်ခရီးစဉ်တွေကို ရပ်ဆိုင်းထားရပြီး မီးရထားလိုင်းတချို့လည်း ယာယီပိတ်လိုက်ရသလို စာသင်ကျောင်းတွေကိုလည်း ယာယီပိတ်လိုက်ပါတယ်။
ချန်နိုင်းမြို့ဟာ ဖို့ဒ်မော်တော်၊ ဒိုင်းမ်လား၊ ဟွန်ဒိုင်းနဲ့ နစ်ဆန်းလို ကားထုတ်လုပ်တဲ့ စက်ရုံအတော်များများ အခြေစိုက်ရာ အရေးကြီးမြို့ဖြစ်ပြီး အခုအခါ မုန်တိုင်းဒဏ်ကြောင့် လူဦးရေ ၂၃၀၀၀ ကျော် အရေးပေါ် နေရာပြောင်းရွှေ့ထားရပါတယ်။
ဒါ့အပြင် လိုအပ်လာရင် နောက်ထပ် လူအတော်များများကို ထပ်မံပြောင်းရွှေ့ရမယ့် အနေအထားရှိကြောင်း အစိုးရ ထိပ်တန်းအရာရှိတဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
6 years Ago