အိန္ဒိယအရှေ့ပိုင်းတွင် တောဆင်ရိုင်းအုပ် ၀င်မွှေ၊ အနည်းဆုံး လူ ၅ ဦးသေဆုံး

A d v e r t i s e m e n t With Us

March 22, 2016

အိန္ဒိယအရှေ့ပိုင်းတွင် တောဆင်ရိုင်းအုပ် ၀င်မွှေ၊ အနည်းဆုံး လူ ၅ ဦးသေဆုံး (ရုပ်သံ)

အိန္ဒိယနိုင်ငံအရှေ့ပိုင်းမှာ မတ်လ ၁၉ ရက်နဲ့ ၂၀ ရက်တွေက တောဆင်ရိုင်းအုပ် ၀င်မွှေခဲ့လို့ အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ကြောင်း နယူးယောက်ဒေးလီးသတင်းမှာ ဖော်ပြပါတယ်။ အနောက်ဘင်ဂေါပြည်နယ်၊ ဘာဒ၀မ်မြို့အနီး ကျေးရွာတရွာမှာ နေထိုင်တဲ့ အသက် ၄၀ အရွယ် အမျိုးသားတဦးဟာ မတ်လ ၂၁ ရက်နေ့က အိမ်ကို လမ်းလျှောက်ပြန်ချိန်မှာ ဆင် ၅ ကောင်အုပ်စုနဲ့တွေ့ပြီး အသတ်ခံခဲ့ရတာလို့ သစ်တောဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် အက်ဂျေးဒက်စ်က ပြောပါတယ်။ ပရာကက်ရှ်ဘွိုင်ယာ အမည်ရတဲ့ အဲဒီအမျိုးသားကို ဆင်အုပ်ထဲက တကောင်က လေပေါ်ကိုင်မြှောက်ခဲ့ပြီး နင်းသတ်ခဲ့တာကို မျက်မြင်တွေ့သူတဦးက ရုပ်သံဗွီဒီယိုဖိုင်နဲ့ ရိုက်ယူနိုင်ခဲ့ပါတယ်။ ခရိုင်တွင်း တခြားနေရာတွေမှာလည်း လူ ၄ ဦးလောက် အသတ်ခံခဲ့ရတယ်လို့ အက်ဂျေးဒက်စ်က ပြောပါတယ်။ မတ်လ ၂၀ ရက်နေ့ မနက်ကတော့ တောဆင်ရိုင်းတွေဟာ ဘာတာဒေသမှာ စိုက်ခင်းတွေ ဖျက်ဆီးပြီး ဒေသခံ ၂ ဦးကို ရန်မူသတ်ဖြတ်ခဲ့တာပါ။ အိန္ဒိယနိုင်ငံရဲ့ လူနေအရပ်တွေထဲကို တောဆင်ရိုင်းတွေ ၀င်ရောက်ရန်ပြုကြလို့ သေဆုံးရတာတွေဟာ ခုနောက်ပိုင်းမှာ မကြာခဏ တွေ့လာရတာပါ။ ဒါဟာ မြို့ပြဖြစ်ထွန်းလာမှုကြောင့် ဆင်တွေနဲ့ လူတွေကြားက ကြီးမားတဲ့ ပြဿနာတခု ဖြစ်လာခဲ့တာပါ။ သီရိလင်္ကာနဲ့ အိန္ဒိယနိုင်ငံတွေမှာ နှစ်စဉ် လူပေါင်း ၂၅၀ ကျော်နဲ့ ဆင်ကောင်ရေ ၄၀၀ လောက် သေဆုံးနေကြတယ်လို့ အေပီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
5 years Ago
Up