အိန္ဒိယအမျိုးသမီး ဖမ်းဆီးခံရ

February 18, 2018

သတို့သားဟန်ဆောင်ပြီး လိမ်လည် လက်ထပ်သည့် အိန္ဒိယအမျိုးသမီး ဖမ်းဆီးခံရ

အိန္ဒိယနိုင်ငံမှာ လပ်ထပ်တင်တောင်းငွေရဖို့ အမျိုးသမီး ၂ ဦးကို အရူးလုပ် လိမ်လည်လက်ထပ်ပြီး အမျိုးသားဟန်ဆောင်ခဲ့တဲ့ အမျိုးသမီးတဦးကို ရဲတွေက ဖမ်းလိုက်ပါတယ်။ အိန္ဒိယနိုင်ငံမှာ တရားဝင်မဟုတ်တော့တဲ့ လက်ထပ်တင်တောင်းငွေ တောင်းခဲ့တဲ့ ခရစ်ရှနားဆန်ကို မြောက်ပိုင်းပြည်နယ် အူတရာခန်မှာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ဖမ်းဆီးခဲ့တာပါ။ စစ်ကြောရေးလုပ်နေစဉ်အတွင်း ခရစ်ရှနားကို အမျိုးသမီးဖြစ်ကြောင်း ရဲတွေက သိခဲ့ပြီး အရင်က ဆွီတီဆိုတဲ့ နာမည်နဲ့ မစ္စခရစ်ရှနားဆန် အသက် ၂၆ နှစ်က သူမ ပထမဆုံးအကြိမ် လက်ထပ်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ကတည်းက အမျိုးသားတဦးအဖြစ် ဟန်ဆောင်ခဲ့တာပါ။ “ပထမဆုံး ကျနော်တို့တွေ ကရစ်ရှနားပြောတာတွေကို နားမလည်ဘူး၊ ဆေးစစ်ပြီးမှ သူက မိန်းကလေးဆိုတာ သိတယ်” လို့ အကြီးတန်းရဲအရာရှိ ဂျနာမီဂျေးခန်ဒူရီက ပြောပါတယ်။ မစ္စဆန်က ပထမလက်ထပ်ထားတဲ့ အမျိုးသမီးကို လက်ထပ်ပြီးမကြာခင်မှာပဲ ကွဲခဲ့ပြီး နောက်ထပ်အမျိုးသမီးတဦးကို ၂၀၁၇ ခုနှစ် ဧပြီလမှာ လက်ထပ်ခဲ့ပါတယ်။ ဒါပေမယ့် ပထမဇနီးသည်ဘက်က ယောက္ခမတွေက လက်ထပ်တင်တောင်းငွေအတွက် သူတို့သမီးကို မစ္စဆန်က နှောင်ယှက်စော်ကားတယ်ဆိုပြီး အမှုဖွင့်ခဲ့တာပါ။ စီးပွားရေးလုပ်ဖို့ဆိုကာ သူတို့ဆီက ရူပီး ၈ သိန်း ၅ သောင်း (ဒေါ်လာ ၁ သောင်း ၃ ထောင် ၂ ရာ) ချေးဌားခဲ့ပြီး ပိုက်ဆံကို ပြန်မပေးဘူးလို့လည်း ယခင်ယောက္ခမတွေက စွပ်စွဲထားပါတယ်။ မစ္စဆန်က အမျိုးသား သူငယ်ချင်းတွေထားကာ အမျိုးသား အိမ်သာကို သုံးပြီး အသံက ယောက်ျားသံမို့လို့ သူမ လက်ထပ်ခဲ့တဲ့ မိန်းကလေး ၂ ဦးက သံသယမဖြစ်ခဲ့ကြပါဘူး။ သူမကလည်း သူတို့ရှေ့မှာ ဘယ်တော့မှ အဝတ်မချွတ်သလို သူတို့နဲ့ ကာမဆက်ဆံမှု မရှိဘူးလို့လည်း ဆိုပါတယ်။ သူမက အခြားသူတွေ သံသယမဖြစ်အောင် အရက် ဆေးလိပ်သောက်ပြီး ယောက်ျားလေး သူငယ်ချင်းတွေနဲ့ ဆိုင်ကယ်အတူမောင်းခဲ့တယ်။ သူက ယောက်ျား တယောက်လို ဆံပင် ဝတ်စားဆင်ယင်မှုနဲ့နေတော့ ဘယ်သူကမှ သံသယမရှိဘူး။ လမ်းလျှောက်တာတောင် ယုံကြည်မှုရှိတဲ့ အမျိုးသားတယောက်လို လမ်းလျှောက်တာလို့ ရဲတွေက ပြောကြောင်း ဘီဘီစီသတင်းမှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up