အိန္ဒိယသရုပ်ဆောင်

March 6, 2019

ဆင်လိမ္မာကလေးနှင့် သခင်ကြား ချစ်ခြင်းမေတ္တာ၊ စွန့်စားခန်းများ ရှုစားရမည့်ရုပ်ရှင် - Junglee (နမူနာ)

ထူးခြားတဲ့ ဇာတ်ဝင်ခန်းတွေ၊ တောဆင်ရိုင်းတွေနဲ့အတူ ရိုက်ကူးတင်ဆက်ထားတဲ့ စွန့်စားမှုအသားပေး အိန္ဒိယ ရုပ်ရှင်ကားတကားဖြစ်တဲ့ Junglee ရုပ်ရှင်ကား နမူနာဟာ ဒီကနေ့ ထွက်ရှိလာခဲ့ပါတယ်။ ဒီကားကိုတော့ နာမည်ကြီး ဟောလိဝုဒ် စူပါဟီးရိုး ဟာသရုပ်ရှင်ကား The Mask (၁၉၉၄)၊ မင်းသားကြီး အာနိုး ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီးရုပ်ရှင် Eraser (၁၉၉၆)၊ ၂၀၀၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ရာဇဝင် သမိုင်းနောက်ခံအက်ရှင်ကား The Scorpion King စတဲ့ ရုပ်ရှင်ကားတွေကို ရိုက်ကူးခဲ့တဲ့ အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Chuck Russell က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ အိန္ဒိယ သရုပ်ဆောင်မင်းသား Vidyut Jammwal က တိရစ္ဆာန် ဆေးကုဆရာဝန်တဦး အနေနဲ့ ပါဝင်ထားခဲ့ပြီး ဖခင်ဖြစ်သူရဲ့ ဆင်ဘေးမဲ့တောကို ပြန်အလာမှာတော့ ငယ်ဘဝကတည်းက ရင်းနှီးခဲ့တဲ့ ဆင်ကလေး ဘိုလာနဲ့ ပြန်ဆုံခဲ့ကြတယ်။ အဲဒီနောက်မှာတော့ သူတို့ကြားက ရင်းနှီးပတ်သက်မှု၊ ချစ်ခြင်းမေတ္တာတွေအပြင် နိုင်ငံတကာ ဆင်မုဆိုးတွေရဲ့ စက်ကွင်းအန္တရာယ်တွေကြား ဘယ်လိုတုံ့ပြန်တိုက်ခိုက်ကြမလဲ ဆိုတာတွေကို ဒီကားထဲမှာ စွန့်စားမှု အက်ရှင်အသားပေး ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာ တခြားသရုပ်ဆောင်တွေ အနေနဲ့ အိန္ဒိယသရုပ်ဆောင် မင်းသမီးတွေ ဖြစ်ကြတဲ့ Pooja Sawant၊ Asha Bhat တို့နဲ့အတူ တခြားသရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကို အစကတော့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ရုံတင်ဖို့ စီစဉ်ခဲ့တာဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ရက်ရွှေ့ခဲ့ရပြီးနောက် လာမယ့် ဧပြီ ၅ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
3 years Ago

November 8, 2016

အက်ရှင်ဇာတ်ကား ရိုက်ကူးစဉ် အိန္ဒိယသရုပ်ဆောင် ၂ ဦး သေဆုံး (ရုပ်သံ)

အက်ရှင်ဇာတ်ကားသစ် ရိုက်ကူးနေစဉ် အိန္ဒိယ သရုပ်ဆောင် ၂ ဦး ရိုက်ကွင်းမှာ ရေနစ်သေဆုံးသွားခဲ့ပါတယ်။ အိန္ဒိယသရုပ်ဆောင် ၂ ဦးဖြစ်တဲ့ အနေးလ်ကူးမားနဲ့ ရာဟာအူဒေးတို့ဟာ အက်ရှင်ဇာတ်ကားအတွက် ဟယ်လီကော်ပတာပေါ်ကနေ ရေထဲခုန်ချတဲ့စွန့်စားခန်း ရိုက်ကူးစဉ် မှားယွင်းပြီး ရေကန်ထဲမှာ နစ်မြုပ်သေဆုံးသွားတယ်လို့ မေရာသတင်းတပုဒ်မှာ နိုဝင်ဘာ ၇ ရက်က ဖော်ပြပါတယ်။ ဟယ်လီကော်ပတာပေါ်က ခုန်ချခဲ့တဲ့ နောက်မင်းသားတဦးဖြစ်တဲ့ ဒူနီရာဗီဂျေးကတော့ အသက်ရှင်တယ်လို့ ဆိုပါတယ်။ နိုဝင်ဘာ ၆ ရက်နေ့ ဒေသစံတော်ချိန် နေ့လယ်ဘက်မှာ ဘန်ဂလိုရီမြို့ရဲ့ အနောက်ဘက် ၃၅ ကီလိုမီတာအကွာက ရေကန်ကြီးတခုအပေါ်မှာ ရိုက်ကူးရေးအဖွဲ့က ရုပ်ရှင်ရိုက်ခဲ့ကြတာပါ။ အခင်းဖြစ်ပွားတဲ့နေရာကို အသက်ကယ်လှေ အချိန်မီ ရောက်မလာဘူးလို့လည်း သတင်းတွေက ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရာဇဝတ်မှုစုံစမ်းရေး လုပ်နေပြီး ရုပ်ရှင်ထုတ်လုပ်သူကိုလည်း တရားစွဲထားတယ်လို့ India Today သတင်းမှာ ဖော်ပြပါတယ်။ မင်းသား ဒူနီရာဗီဂျေးရဲ့ ဘဝဇာတ်ကြောင်းကို အခြေခံထားပုံရတဲ့ “Masthigudi” ရုပ်ရှင်ကားကို ကန်နေဒါရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးခဲ့တာပါ။ ကန်နေဒါ ရုပ်ရှင်ထုတ်လုပ်ရေးဟာ ဘန်ဂလိုရီမြို့မှာ အခြေခံပြီး ဟင်ဒီဘာသာစကားပြောတဲ့ ဘောလီဝုဒ်ရုပ်ရှင်တွေနဲ့ ကွဲပြားစွာ ကန်နေဒါဘာသာစကားပြော သရုပ်ဆောင်တွေနဲ့ ရိုက်ကူးတဲ့ အိန္ဒိယနိုင်ငံရဲ့ အကျော်ကြားဆုံး ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းလည်း ဖြစ်ပါတယ်။
5 years Ago
Up