အိန္ဒိယသမ္မတ

December 11, 2018

အိန္ဒိယသမ္မတ ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ရောက်ရှိ

အိန္ဒိယနိုင်ငံသမ္မတ ရမ်နက်သ် ကိုဗင့်ဒ်နဲ့ ဇနီး မတီဆာဗီးတာကိုဗင့်ဒ်တို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နှစ်နိုင်ငံချစ်ကြည်ရေး ခရီးစဉ်အဖြစ် နေပြည်တော်မှာ ရောက်ရှိနေပါတယ်။ အိန္ဒိယသမ္မတနဲ့ အဖွဲ့ဟာ မြန်မာသမ္မတ ဦးဝင်းမြင့်ရဲ့ ဖိတ်ကြားချက်အရ ဒီဇင်ဘာ ၁၀ ရက် ညက နေပြည်တော်ကို အထူးလေယာဉ်နဲ့ ရောက်ရှိလာတာဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးတွေ၊ မြန်မာနိုင်ငံခြားရေးဌာန တာဝန်ရှိသူတွေနဲ့ အိန္ဒိယသံအမတ်ကြီးတို့က ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့ကြတယ်လို့ အစိုးရက သတင်းထုတ်ပါတယ်။ အိန္ဒိယသမ္မတရဲ့ ချစ်ကြည်ရေးခရီးစဉ်ဟာ ၅ ရက်ကြာမြင့်မှာဖြစ်ပြီး ဒီကနေ့ နေပြည်တော်မှာ မြန်မာသမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံဖို့ရှိသလို နှစ်နိုင်ငံ သဘောတူစာချုပ်တွေကိုလည်း လက်မှတ်ရေးထိုးကြဖို့ ရှိပါတယ်။ အိန္ဒိယသမ္မတနဲ့ ဇနီးတို့ဟာ နေပြည်တော်ကနေ ရန်ကုန်ကို ဆက်လက်သွားရောက်ဖို့ရှိပြီး အာဇာနည်ဗိမာန်ကို သွားရောက်ဂါရဝပြုဖို့လည်း အစီအစဉ်ရှိပါတယ်။
2 years Ago

July 25, 2017

၁၄ ယောက်မြောက် အိန္ဒိယသမ္မတအဖြစ် ရမ် နာ့သ် ကိုဗင်ဒ် ကျမ်းသစ္စာ ကျိန်ဆို

အိန္ဒိယနိုင်ငံရဲ့ ၁၄ ယောက်မြောက် သမ္မတအဖြစ် ရမ် နာ့သ် ကိုဗင်ဒ်ဟာ ဒီကနေ့ ကျမ်းသစ္စာ ကျိန်ဆိုပါတယ်။ ဝန်ကြီးချုပ် နရင်ဒြာမိုဒီရဲ့ ညွန့်ပေါင်းအစိုးရအတွက် ပိုတင်းကျပ်တဲ့ သြဇာအာဏာကို ရစေတဲ့ နိုင်ငံရေးအခင်းအကျင်းလည်း ဖြစ်ပါတယ်။ အသက် ၇၀ အရွယ် ဇာတ်နိမ့်နိုင်ငံရေးသမားကို ဟိန္ဒူ အမျိုးသားရေးဝါဒီတွေ ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရက ကျောထောက်နောက်ခံပေးထားလို့ သမ္မတရွေးကောက်ပွဲမှာ အလွယ်တကူ နိုင်ခဲ့တာပါ။ သူဟာ အိန္ဒိယရဲ့ ရာစုနှစ်ချီ ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားမှု အစဉ်အလာထဲက အနိမ့်ဆုံးဇာတ်ဖြစ်တဲ့ ဒါလစ် လူ့အဖွဲ့အစည်းဝင် ဖြစ်ပါတယ်။ သူဟာ ဒါလစ်ဇာတ်ထဲက ကွန်ဂရက်ပါတီဝင် မေးရာကူးမားကို အနိုင်ရပြီး သမ္မတ ဖြစ်လာတာပါ။ အိန္ဒိယရဲ့ အခြေခံဥပဒေအရ သမ္မတဟာ ပွဲတက်အဆင့် အခန်းကဏ္ဍရှိပြီး ဝန်ကြီးချုပ်နဲ့ အစိုးရကတော့ သြဇာအာဏာကို ကိုင်ထားပါတယ်။ ဒါပေမယ့် အားလုံးမပါဝင်တဲ့ အထွေထွေရွေးကောက်ပွဲလိုမျိုး နိုင်ငံရေး အကျပ်အတည်းတွေအတွင်း အစိုးရဖွဲ့ဖို့ ဘယ်ပါတီက အကောင်းဆုံး အနေအထားမှာရှိသလဲ ဆိုတာကို ဆုံးဖြတ်ရတဲ့ အဓိက အခန်းကဏ္ဍလည်း သမ္မတမှာ ရှိနေပါတယ်။ ဝန်ကြီးချုပ် မိုဒီရဲ့ ဘီဂျေပီပါတီက ကိုဗင်ဒ်ကို ခန့်အပ်မှုဟာ ပြည်သူပိုင်ရုံးတွေမှာ ဟိန္ဒူအခွင့်အရေး ခြေကုပ် ပိုအားကောင်းလာတာကို ပြနေတယ်လို့ မီဒီယာတွေမှာ ဖော်ပြကြပါတယ်။
4 years Ago
Up