အိန္ဒိယဝန်ကြီးချုပ်

May 24, 2019

အိန္ဒိယ ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် မိုဒီ၏ ဘီဂျေပီပါတီ မဲအပြတ်အသတ် အနိုင်ရ

အိန္ဒိယ အထွေထွေရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် မိုဒီရဲ့ ဘီဂျေပီပါတီက မဲအပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ မေလ ၂၃ ရက်နေ့က ဝန်ကြီးချုပ် မိုဒီဟာ သူ့ရဲ့ ဟိန္ဒူအမျိုးသားဝါဒီ (ဘီဂျေပီပါတီ) ဌာနချုပ်ကို လာရောက်ခဲ့ရာ ဘီဂျေပီပါတီဥက္ကဋ္ဌ အာမစ်ရှားက ကြိုဆိုခဲ့ပြီး ထောက်ခံသူတွေကလည်း ပန်းတွေနဲ့ ပစ်ပေါက် ကြိုဆို အောင်ပွဲခံခဲ့ကြပါတယ်။ အခုလို မိုဒီ ပြန်လည်အရွေးခံရတာက စီးပွားရေး မထိခိုက်စေတဲ့ မူဝါဒတွေနဲ့ တင်းကျပ်တဲ့ အမျိုးသားလုံခြုံရေး ရပ်တည်ချက်အတွက် သူ့ပါတီကို လုပ်ပိုင်ခွင့်အာဏာ ပိုမိုရရှိစေမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်အရ အောက်လွှတ်တော်အမတ်နေရာ ၅၄၂ နေရာအနက် ဘီဂျေပီဟာ အမတ်နေရာ ၃၀၀ ရရှိခဲ့တာပါ။ အောက်လွှတ်တော်မှာ လိုအပ်တဲ့ အမတ်နေရာအများစု ၂၇၂ နေရာထက်ပိုပြီး  ဘီဂျေပီပါတီက ရရှိခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်တုန်းက ဘီဂျေပီပါတီဟာ အမတ်နေရာ ၂၈၂ နေရာ အနိုင်ရခဲ့တာပါ။ ဒီအတွက် ဘီဂျေပီပါတီဟာ ၁၉၈၄ နောက်ပိုင်း ပါတီတခုတည်းကနေ ဆက်တိုက် မဲအများဆုံးရတဲ့ ပထမဆုံး ပါတီ ဖြစ်လာခဲ့ပါတယ်။
2 years Ago

February 10, 2019

နှစ်နိုင်ငံ နယ်စပ်သို့ အိန္ဒိယဝန်ကြီးချုပ် လာရောက်လည်ပတ်မှု တရုတ်ကန့်ကွက်

တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံ နယ်စပ် အရှေ့ပိုင်းက ဒေသတွင်းကို အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာမိုဒီ လာရောက်လည်ပတ်ခဲ့တဲ့အတွက် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက စနေနေ့မှာ  ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။ အရွန်နချယ်ပရာဒေ့ရှ် ပြည်နယ်ကို အဲဒီနေ့အစောပိုင်းက ဝန်ကြီးချုပ် မိုဒီ လာလည်တဲ့ သတင်းနဲ့ ပတ်သက်ပြီး ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း မေးမြန်းရာမှာ ခုလို မှတ်ချက်ပြု တုံ့ပြန်လိုက်တာပါ။ တရုတ်-အိန္ဒိယ နယ်စပ်အရေးအပေါ် တရုတ်ရဲ့ ရပ်တည်ချက်က ခိုင်မာ ရှင်းလင်း ပြတ်သားတယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ဟွာချွန်းယဉ်က ပြောပါတယ်။ တရုတ်အစိုးရဟာ အရွန်နချယ်ပရာဒေ့ရှ် ပြည်နယ်ကို ဘယ်တုန်းကမှ အသိအမှတ် မပြုခဲ့ဘူးလို့လည်း သူက ဖိအားပေး ပြောပါတယ်။ နှစ်နိုင်ငံ ဘုံအကျိုးစီးပွားကို အိန္ဒိယအစိုးရက ဦးထိပ်ထားဖို့ တိုက်တွန်းရင်း တရုတ်ရဲ့ အကျိုးစီးပွားနဲ့ စိုးရိမ်မှုတွေကို လေးစားဖို့ ဟွာချွန်းယဉ်က ဆော်သြပါတယ်။ နယ်စပ်အရေး ရှုပ်ထွေးမှုနဲ့ အငြင်းပွားမှု မြင့်တက်တာတွေ ဖြစ်စေမယ့် ဘယ်လို လုပ်ရပ်ကိုမဆို ကန့်သတ်ရှောင်ရှားဖို့နဲ့ အပြန်အလှန် ဆက်ဆံရေး တိုးတက်မှု အရှိန်အဟုန်ကို တန်ဖိုးထားဖို့လည်း သူက ပြောခဲ့ပါတယ်။
2 years Ago
Up