အိန္ဒိယရဲအရာရှိ

July 27, 2018

ဖမ်းဆီးထားသူတဦးကို သေသည်အထိ ညှဉ်းပန်းခဲ့သည့် ရဲအရာရှိ ၂ ဦးအား သေဒဏ်ချ

အိန္ဒိယနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းထားသူတဦးကို သေသည်အထိ ညှဉ်းပန်းနှိပ်စက် စစ်ဆေးခဲ့တဲ့ ရဲအရာရှိနှစ်ဦးကို သေဒဏ်ချမှတ်လိုက်ပါတယ်။ အဲဒီရဲအရာရှိနှစ်ဦးဟာ ၂ဝဝ၅ ခုနှစ်က လူတဦးကို ခိုးမှုနဲ့ သံသယရှိတာကြောင့် ဖမ်းဆီး စစ်ဆေးခဲ့ရာက သံသယရှိခံရသူ သေဆုံးသွားခဲ့တာပါ။ အဲဒီအမှုနဲ့ပတ်သက်ပြီး သူ့ရဲ့မိခင်ဖြစ်သူက အိန္ဒိယတောင်ပိုင်း ကီတန်ပြည်နယ်က တရားရုံးမှာ ၁၃ နှစ်ကြာ တရားစွဲခဲ့တာဖြစ်ပါတယ်။ အခုလို နှိပ်စက်ညှဉ်းပန်းသူ ရဲအရာရှိနှစ်ဦးကို သေဒဏ်ချမှတ်လိုက်တဲ့ ကိစ္စအပေါ် သေဆုံးသူရဲ့မိခင်က ထောက်ခံကြိုဆိုလိုက်ပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး ဖုံးကွယ်ဖို့ ကြိုးစားခဲ့တဲ့ နောက်ထပ် အကြီးတန်းရဲအရာရှိ နှစ်ဦးကိုလည်း ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပါတယ်။ အမှုဖြစ်စဉ်မှာ ၂ဝဝ၅ ခုနှစ်က ကီတန်ပြည်နယ် ထရီကီတန်မြို့က ပန်းခြံတခုမှာ အသက် ၂၆ နှစ်အရွယ် အူဒေခူးမားဆိုတဲ့ နေ့စားအလုပ်သမားတဦးကို ရူပီးငွေ ၄ဝဝဝ နဲ့အတူ ရဲက တွေ့ရှိခဲ့အပြီး ခိုးမှုနဲ့ ဖမ်းဆီးစစ်ဆေးခဲ့တာပါ။ နောက်ပိုင်း ရဲကို လာဘ်ငွေပေးအပ်ခဲ့အပြီး သူ့ကို ပြန်လွှတ်ပေးခဲ့ပေမယ့်  ညနေပိုင်းအရောက် ဆေးရုံမှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ကီတန်ပြည်နယ်မှာ အမှုစစ်ဆေးစဉ် သေဆုံးမှုကြောင့် သေဒဏ်ချမှတ်တဲ့ ပြစ်ဒဏ်ဟာ အခုတကြိမ် ပထမဆုံးဖြစ်တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up