အိန္ဒိယနိုင်ငံ မဒရာပရာဒေခ်ျ့ပြည်နယ်မှာ လူ ၉၀ သေဆုံးခဲ့တဲ့ ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့အတွက် ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ တရားမ၀င် ထားရှိမှုနဲ့ ဆိုင်ပိုင်ရှင်တဦးကို စက်တင်ဘာ ၁၃ ရက်နေ့က ရဲတွေ လိုက်လံစုံစမ်းနေပါတယ်။
စက်တင်ဘာ ၁၂ ရက်နေ့က အင်အားပြင်း ပေါက်ကွဲမှု ဖြစ်တဲ့အချိန်မှာ အဲဒီဆိုင်နဲ့ကပ်လျက် စားသောက်ဆိုင်မှာ လူအများအပြား မနက်စာစားနေချိန် ဖြစ်ပါတယ်။
ပေါက်ကွဲမှုဖြစ်ဖြစ်ချင်းတော့ ရဲအာဏာပိုင်တွေက စားသောက်ဆိုင်က ဂက်စ်အိုးပေါက်ကွဲမှုလို့ ထင်ခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ စားသောက်ဆိုင်ဘေးက ဆိုင်မှာ သတ္တုတွင်းသုံး ဖောက်ခွဲရေး ပစ္စည်းတွေကို တရားမ၀င် သိုလှာင်ခဲ့လို့ ပြောဆိုပါတယ်။
ဆိုင်ပိုင်ရှင်ဟာ အဲဒီဖောက်ခွဲရေးပစ္စည်းတွေကို ၀ယ်ယူသုံးစွဲခွင့် တရားဝင်လိုင်စင်တော့ ရှိပေမယ့် အခုလို လူနေအိမ်တွေမှာ သိုလှောင်ထားရှိခွင့်တော့ မရှိဘူးလို့ ရဲတွေက ပြောဆိုပါတယ်။
“ဆိုင်ပိုင်ရှင်ဟာ ဖောက်ခွဲရေးပစ္စည်း ပိုင်ဆိုင်မှု ဥပဒေနဲ့ ငြိစွန်းတဲ့အတွက် သူပိုင်ဆိုင်တဲ့ ဆိုင်တွေ၊ ကုန်သိုလှောင်ရုံတွေ၊ ပစ္စည်းတွေအားလုံးကို ချိတ်ပိတ်ထားပြီး စစ်ဆေးရှာဖွေမှုအားလုံး လုပ်သွားမယ်။” လို့ ရဲအရာရှိတဦးက ပြောပါတယ်။
လက်ရှိအချိန်အထိ ပေါက်ကွဲမှုနဲ့ သေဆုံးသူ အယောက် ၉၀ ရှိနေပြီလို့ ဆရာဝန်တဦးက ပြောပါတယ်။
ဒီပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေ လူနေထူထပ်တဲ့နေရာနဲ့ လူနေအိမ်တွေထဲမှာ တရားမ၀င် သိုလှောင်ထားတဲ့ကိစ္စကို ဒေသခံတွေက စိုးရိမ်လို့ အာဏာပိုင်တွေကို တိုင်ကြားမှု ရှိခဲ့ပေမယ့် ရဲတွေက အရေးယူ ဆောင်ရွက်ခြင်း မရှိခဲ့ဘူးလို့ ဒေသခံသတင်းတွေက ဆိုပါတယ်။
ပြည်နယ်အစိုးရက ပေါက်ကွဲမှု အသေးစိတ်ကို စုံစမ်းစစ်ဆေးနေပြီး နယူးဒေလီမြို့တော်က ပေါက်ကွဲမှုကျွမ်းကျင်သူ အဖွဲ့တဖွဲ့ကို စေလွှတ်ထားတယ်လို့ ပြည်နယ်အစိုးရ အာဏာပိုင်တွေက ပြောပါတယ်။
7 years Ago