အိန္ဒိယတွင် လေထုညစ်ညမ်းမှု

November 5, 2016

အိန္ဒိယတွင် လေထုညစ်ညမ်းမှု ထိတ်လန့်ဖွယ် မြင့်တက်

ဒီပါဝလီပွဲတော်အတွင်း သန်းနဲ့ချီတဲ့ လူတွေရဲ့ မီးပန်း ပစ်ဖောက်မှုအပြီး အိန္ဒိယနိုင်ငံရဲ့ မြို့တော် နယူးဒေလီမှာ လေထုညစ်ညမ်းမှုအဆင့် လန့်စရာကောင်းအောင် မြင့်တက်နေပါတယ်။ ဒေလီမြို့ဟာ ၁၇ နှစ်အတွင်း အဆိုးဆုံး မီးခိုးမြူထူတွေကို ရင်ဆိုင်နေရတယ်လို့ တတ်သိပညာရှင်အဖွဲ့ဖြစ်တဲ့ သိပ္ပံနဲ့ သဘာဝပတ်ဝန်းကျင်ဌာနက ပြောပါတယ်။ ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ်လည်း ကြေညာပါတယ်။ အိန္ဒိယရဲ့ သြဇာအကြီးဆုံး အမျိုးသားသတင်းစာတွေကလည်း မီးခိုးမြူထူတွေနဲ့ ပတ်သက်ပြီး သောကြာနေ့ထုတ် သတင်းစာ ခေါင်းကြီးပိုင်းတွေကနေ ဖော်ပြခဲ့ကြပါတယ်။ ဒီပါဝလီပွဲတော်အပြီး ၄ ရက်အကြာမှာတောင် မြို့ပေါ် ကောင်းကင်မှာ မီးခိုးမြူထူ တိမ်တိုက်ကြီး ထူထူထဲထဲ ရှိနေလို့ မြင်နိုင်စွမ်းအားလည်း ကျဆင်းနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ မြင်နိုင်စွမ်းကျလို့ မတော်တဆမှု အတော်များများလည်း မြို့တော်ထဲမှာ ဖြစ်ပွားခဲ့ပါတယ်။ နယူးဒေလီမြို့ဟာ ကမ္ဘာ့လေထုညစ်ညမ်းမှု အဆိုးရွားဆုံး မြို့တွေထဲက တမြို့ပါ။ လူဦးရေ ၁၆ သန်း နေထိုင်တဲ့မြို့ထဲမှာ မီးပန်းတွေ ပစ်ဖောက်တဲ့ ပွဲတော်ရာသီနဲ့ ကောက်ပဲသီးနှံ ရိတ်သိမ်းအပြီး ရိုးပြတ်တွေကို မီးရှို့တဲ့ ရာသီတွေမှာ လေထုညစ်ညမ်းမှု ပိုဆိုးရွားလေ့ရှိပါတယ်။ မီးပန်း ပစ်ဖောက်တာကြောင့် အဆိပ်သင့် အန္တရာယ်ရှိ ဓာတုဓာတ်ပေါင်းတွေ ဖြစ်တဲ့ ဆာလဖာဒိုင်အောက်ဆိုင်ဒ်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ကာဗွန်မိုနောက်ဆိုဒ်၊ မန်ဂနိစ်၊ ကဒ်မီယံတွေ လေထဲမှာ လွင့်ပျံ့ကုန်လို့ အဆုတ်ကို ထိခိုက်ပါတယ်။ ဒါကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေကို ခံစားရလေ့ ရှိပါတယ်။ ဒေလီမြို့ရဲ့ လေထုညစ်ညမ်းမှုအခြေအနေအတွက် အမျိုးသား သဘာဝပတ်ဝန်းကျင် ခုံရုံး NGT က မြို့အစိုးရဆီက အစီရင်ခံစာကို လက်ခံ ရရှိထားပါတယ်။ မြို့တွင်း လေထု အရည်အသွေး ယိုယွင်းမှုအတွက် သောကြာနေ့နှောင်းပိုင်းက ကြားနာခဲ့ပါတယ်။ ကုန်ကားဟောင်းတွေ မြို့တွင်းကို မဝင်ဖို့နဲ့ ပုဂ္ဂိလကကားတွေကို တရက်ခြား သုံးစွဲဖို့ အစီအစဉ်တွေကို အာဏာပိုင်တွေက ချမှတ် ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့် လေထု ညစ်ညမ်းမှုကို နည်းနည်းသာ လျှော့ချနိုင်လိမ့်မယ်လို့ ပညာရှင်တွေက ပြောပါတယ်။
6 years Ago
Up