အိန္ဒိယနိုင်ငံရဲ့ မြို့တော် နယူးဒေလီမြို့ အစိုးရက တရုတ်နိုင်ငံလုပ် စွန်ကြိုးတွေ ရောင်းချမှု ပိတ်သိမ်းလိုက်တယ်လို့ အကြီးတန်း ပြည်ထဲရေးဝန်ကြီးက သြဂုတ် ၁၇ ရက်မှာ ပြောပါတယ်။
စွန်ကြိုးငြိလို့ ကလေး ၂ ဦး အပါအဝင် လူ ၃ ဦး သေဆုံးအပြီး ခုလို ပိတ်သိမ်းလိုက်တာပါ။
တရုတ်လုပ် မန်းဂျာ စွန်ကြိုးမှာ သတ္တုရည်စိမ်ထားတဲ့အပြင် ဖန်မှုန့်တွေပါ ပါနေခဲ့လို့ ထိမိသူတွေ ပြတ်ရှ သေဆုံးခဲ့တာပါ။
စွန်လွှတ်ရာမှာ ဝါဂွမ်းချည်နဲ့ သဘာဝအမျှင်တွေနဲ့ လုပ်ထားတဲ့ ကြိုးကိုသာ သုံးဖို့ ခွင့်ပြုထားပြီး သတ္တု ဒါမှမဟုတ် ဖန်ပါဝင်ပစ္စည်းတွေ ကင်းစင်ရမယ်လို့ ဒေလီအစိုးရ သတိပေးချက်က ဆိုပါတယ်။
ဖောက်ဖျက်ခဲ့ရင် အိန္ဒိယရူပီးငွေ တသိန်းနဲ့ ထောင်ဒဏ်တနှစ် ပြစ်ဒဏ်ကျခံရမှာ ဖြစ်ပါတယ်။
စွန်လွှတ်တာဟာ သြဂုတ် ၁၅ ရက်မှာ ကျရောက်တဲ့ လွတ်လပ်ရေးနေ့အတွင်း အဓိက ကစားနည်းတမျိုးပါ။
၃ နှစ်ခွဲအရွယ် ကလေးတဦး မိဘတွေနဲ့အတူ သြဂုတ် ၁၅ ရက်က ရုပ်ရှင်ကြည့်ပြီးအပြန် စွန်ကြိုးက သူ့လည်ပင်းကို ငြိပြီး ပြတ်ရှခဲ့လို့ သေဆုံးခဲ့ပါတယ်။
၎ နှစ်သား ယောက်ျားလေးတယောက်လည်း ကားနဲ့သွားနေတုန်း ကားခေါင်မိုး နေရောင်ဝင်ပေါက်ကနေ ခေါင်းထုတ်ကြည့်ချိန်မှာ စွန်ကြိုးက လည်ပင်းကို လာပတ်ခဲ့လို့ ဆေးရုံမရောက်ခင် သေဆုံးခဲ့ပါတယ်။
သဘာဝပတ်ဝန်းကျင် သစ်တောနဲ့ ရာသီဥတု ဝန်ကြီးဌာနက ၂၀၁၄ ညွှန်ကြားချက် နောက်ပိုင်းမှာ အိန္ဒိယနိုင်ငံအတွင်း ပြည်နယ်အများအပြားမှာ တရုတ်လုပ် မန်းဂျာစွန်ကြိုး သုံးစွဲမှုကို ပိတ်ပင်ခဲ့ပါတယ်။
6 years Ago