အိန္ဒိယတွင် လူနေအိမ်ရာဘက် လမ်းမှားရောက်လာသည့် ကျားသစ်ကို ဝိုင်းဝန်းဖမ်းဆီး

January 3, 2017

အိန္ဒိယတွင် လူနေအိမ်ရာဘက် လမ်းမှားရောက်လာသည့် ကျားသစ်ကို ဝိုင်းဝန်းဖမ်းဆီး (ရုပ်သံ)

အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ်က လူနေအိမ်ရာဒေသဆီကို ကျားသစ်တကောင် လမ်းမှားပြီး ရောက်လာခဲ့ပါတယ်။ အဲဒီကျားသစ်ကို သားရိုင်းတိရစ္ဆာန်ရေးရာ အာဏာပိုင်တွေနဲ့ ဒေသခံတွေက ထောင်ချောက်ဆင်ဖမ်းဖို့ ကြိုးစားရင်း ဇန်နဝါရီ ၂ ရက်နေ့က အနည်းဆုံး လူတဦး အသည်းအသန် ဒဏ်ရာရခဲ့တယ်လို့ အိန္ဒိယသတင်းဌာန အေအန်အိုင်က အစီရင်ခံပါတယ်။ ယောက်ျားတအုပ်စုက ကျားသစ်ကို ပိုက်ကွန်နဲ့ဖမ်းဖို့ ကြိုးစားပေမယ့် မမိဘဲ လွတ်မြောက် ထွက်ပြေးသွားခဲ့ပါတယ်။ ကျားသစ်ကို ဖမ်းမိဖို့ နည်းပေါင်းစုံ အားထုတ်ပြီးပြီ၊ ခုတော့ ဘယ်ရောက်သွားမှန်း မသိတော့လို့ ပြန်ဖမ်းနိုင်မလားဆိုတာ မသိတော့ဘူးလို့ တိရစ္ဆာန်အခွင့်အရေး အဖွဲ့အစည်းက လုပ်အားပေး စူမစ်နန်ဒီက ပြောပါတယ်။ ဒဏ်ရာရတဲ့သူကို အနားကဆေးရုံမှာ တင်ပို့ ကုသထားပါတယ်။ ကျားသစ်တွေနဲ့ ဆင်တွေလို သားရိုင်းတွေဟာ သားကောင်ရှာရင်းနဲ့ လမ်းမှား နယ်ကျွံပြီး သစ်တောတွေနဲ့ ကပ်နေတဲ့ ရွာတွေဆီ ရောက်လာလေ့ရှိပြီး လူ့အသက်တွေရော အိုးအိမ်စည်းစိမ်တွေကိုပါ မကြာခဏ ဖျက်ဆီးလေ့ရှိပါတယ်။ လူဦးရေ တိုးလာတာနဲ့အမျှ သားရိုင်းတွေရဲ့ စားကျက်မြေတွေ ပြုန်းတီးလာလို့ ခုလို လူတွေ အခြေချနေထိုင်တဲ့ ဒေသဆီကို နယ်ကျွံလာတာလည်း ဖြစ်ပါတယ်။
5 years Ago
Up