အိန္ဒိယတွင် ရထားလမ်းချော် တိမ်းမှောက်မှုကြောင့် အနည်းဆုံး လူ ၁၂၀ သေဆုံး

November 21, 2016

အိန္ဒိယတွင် ရထားလမ်းချော် တိမ်းမှောက်မှုကြောင့် အနည်းဆုံး လူ ၁၂၀ သေဆုံး

အိန္ဒိယနိုင်ငံမြောက်ပိုင်းက ဥတာပရဒေ့ခ်ျပြည်နယ်မှာ နိုဝင်ဘာ ၂၀ ရက် မနက်အစောပိုင်းက လူစီးအမြန်ရထား လမ်းချော်တိမ်းမှောက်မှုကြောင့် သေဆုံးသူ အနည်းဆုံး လူ ၁၂၀ ရှိသွားပြီလို့ ဒေသခံရဲတပ်ဖွဲ့က ပြောပါတယ်။ ရထားတွဲ ၁၄ တွဲပါတဲ့ အင်တော-ပါ့နာ အမြန်ရထားဟာ နိုဝင်ဘာ ၂၀ ရက် မနက် ၃ နာရီလောက်က ကံပူလ်မြို့နားမှာ လမ်းချော်တိမ်းမှောက်ခဲ့တာပါ။ အခင်းဖြစ်တဲ့နေ့ တနေ့လုံး တွဲကျိုတွဲကြား ပိတ်မိနေတဲ့ ဒဏ်ရာရရှိသူတွေ၊ သေဆုံးသူ အလောင်းတွေကို ကယ်ထုတ်နေကြပြီး သေဆုံးသူဦးရေလည်း တိုးတိုးလာခဲ့တာပါ။ ဒီရထားလမ်းချော်တိမ်းမှောက်မှုမှာ လူအယောက် ၁၅၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့ကြပါတယ်လို့လည်း ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ အာဏာပိုင်တွေက ရထားလမ်းချော်ရတဲ့ အကြောင်းရင်းကို တရားဝင်ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေမယ့် ရထားသံလမ်းပြတ်တောက်နေလို့ ဖြစ်နိုင်တယ်လို့ အိန္ဒိယသတင်းတွေက ဆိုပါတယ်။ ရထားပို့ဆောင်ရေးဝန်ကြီးလည်း ကယ်ဆယ်မှုအခြေအနေကို လာရောက်ကြည့်ရှုအားပေးခဲ့ပါတယ်။ ၀န်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီး အပါအ၀င် ဌာနဆိုင်ရာတွေအားလုံးနဲ့ ဆွေးနွေးတိုင်ပင်ပြီး ကယ်ဆယ်ရေးတွေကို အားချင်းဆောင်ရွက်နေကြသလို အဆင့်မြင့်စုံစမ်းရေးကော်မတီကိုလည်း ဖွဲ့စည်းထားပြီး တာဝန်ရှိသူတွေကို ထိထိရောက်ရောက် အရေးယူမှာဖြစ်တယ်လို့ ရထားပို့ဆောင်ရေးဝန်ကြီးက ပြောပါတယ်။ လူထိခိုက်သေဆုံးမှု အများဆုံးကတော့ စက်ခေါင်းတွဲနားက လူစီးတွဲ ၂ တွဲလို့ ဆိုပါတယ်။
6 years Ago
Up