အိန္ဒိယတွင် တရားမ၀င်အရက် သောက်မိသဖြင့် လူ ၉၀ ကျော် သေဆုံး

July 15, 2015

အိန္ဒိယ ဟိန္ဒူဘုရားပွဲတော် လူများတိုးကြိတ်မိ၊ ၂၇ ဦးသေဆုံး (ရုပ်သံ)

အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်းက အန်ဒရာ ပရာဒက်ရှ့် (Andhra Pradesh) ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့က ဟိန္ဒူဘုရားပွဲတော်တခုအတွင်း ဘုရားဖူးတွေ စုပြုံတိုးကြိတ်မိကြရင်း ၂၇ ဦး သေဆုံးသွားတယ်လို့ ဒေသခံမီဒီယာတွေမှာ ဖော်ပြပါတယ်။ ရာဂျာမော်ဒရီ (Rajahmundry) မြို့ မဟာပူခ်ျကရာလူ (Maha Pushkaralu) ဘုရားပွဲတော်အတွင်း ဂိုဒါဗရီ (Godavari) မြစ်ထဲအဆင်းမှာ စုပြုံ တိုးကြိတ်မိကြတာပါ။ ဖိနပ်တွေ ကျွတ်လို့ ပြန်အကောက်မှာ လူတွေထပ်မိပြီး နင်းမိခဲ့ကြတာလို့ ဒေသခံရဲတွေက ပြောဆိုပါတယ်။ ဒီ ၁၂ ရက်ကြာ ကျင်းပတဲ့ ဘုရားပွဲအတွင်း ဂိုဒါဗရီမြစ်ထဲ ရေဆင်းချိုးရင် ပြုခဲ့သမျှ မကောင်းမှုတွေ ကင်းစင်တယ်လို့ ဘုရားဖူး ဟိန္ဒူဘာသာဝင်တွေက ယုံကြည်ကြတာပါ။ ဒဏ်ရာရသူ အယောက် ၄၀ ရှိခဲ့ပြီး အဲဒီထဲက ၂ ဦးကတော့ စိုးရိမ်ရတဲ့ အခြေအနေ ရှိတယ်လို့ ဆေးရုံ အာဏာပိုင်တွေက ပြောပါတယ်။ အခုလို ဘုရားဖူးတွေ ပိတ်ကျပ်ပြီး နင်းမိခဲ့ကြတဲ့အချိန်ဟာ မိနစ် ၂၀ လောက်ကြာမယ်လို့ မျက်မြင်ဘုရားဖူးတဦးက ပြောပါတယ်။ အခုလိုဖြစ်ပွားရခြင်း အကြောင်းရင်း အသေးစိတ်ကိုလည်း ဒေသခံ အာဏာပိုင်တွေက စုံစမ်းနေပါတယ်။ အိန္ဒိယ၀န်ကြီးချုပ် မိုဒီက အခုလို ဘုရားဖူးတွေ ဘုရားပွဲတော်အတွင်း သေဆုံးရတဲ့အတွက် ၀မ်းနည်းကြောင်း သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။ ဒီ မဟာပူခ်ျကရာလူ ဘုရားပွဲတော်ကို နှစ်စဉ် နိုင်ငံတ၀န်းက ဘုရားဖူး သန်း ၂၀ ကျော် လာရောက်ကြပြီး ၂၀၁၃ ခုနှစ်ကတော့ အခုလို ထိုးနင်းကြိတ်မိခဲ့ကြပြီး လူ ၁၁၅ ယောက် သေဆုံးခဲ့ပါတယ်။
6 years Ago

June 21, 2015

အိန္ဒိယတွင် တရားမ၀င်အရက် သောက်မိသဖြင့် လူ ၉၀ ကျော် သေဆုံး

အိန္ဒိယနိုင်ငံမှာ တရားမ၀င် ရောင်းတဲ့ အရက်ကို သောက်မိတဲ့အတွက် သေဆုံးသူ လူ ၉၀ ထက်မနည်းရှိပြီး ၄၀ လောက် ဆေးရုံတင်ထားရတယ်လို့ အိန္ဒိယ သတင်းစာတွေမှာ ဖော်ပြပါတယ်။ မွမ်ဘိုင်းမြို့ ဆင်းရဲသား ရပ်ကွက်ထဲက အရက်ပုန်းဆိုင်ကနေ ၀ယ်သောက်ခဲ့ကြတယ်လို့ ယူဆနေကြပြီး ရဲအဖွဲ့ကတော့ လူသေစာရင်းကို အတည်မပြုသေးပါဘူး။ မဟာရာရှထရာ ပြည်နယ်ရဲ့ လူမျိုးစုရေးရာ ၀န်ကြီး အက်နက်သကက်စီကလည်း ဆေးရုံကို သွားကြည့်ခဲ့ပြီး အခုလို ဖြစ်ရတဲ့ အကြောင်းကို စုံစမ်းနေတယ်လို့ ပြောပါတယ်။ ဒီကိစ္စဟာ အရေးကြီးတဲ့အတိုင်း စုံစမ်းဖော်ထုတ်ဖို့ အမိန့်ပေးထားပါတယ်။ ရာဇ၀တ်မှုဆိုင်ရာ အဖွဲ့ခွဲက စုံစမ်းနေသလို အဆင့်မြင့် ကော်မတီက စုံစမ်းဖို့လည်း ရှိတယ်လို့ ပြောပါတယ်။ ဒီကိစ္စကို ပြည်နယ် ၀န်ကြီးချုပ်ဆီ တင်ပြသွားမယ်လို့လည်း ဆိုပါတယ်။ လောလောဆယ်မှာတော့ အမှုနဲ့ပတ်သက်ပြီး ရဲက လူ ၃ ယောက်ကို ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။ အိန္ဒိယမှာ တရားမ၀င် အရက်တွေ သောက်ပြီး သေဆုံးတာဟာ အရင်ကလည်း ဖြစ်ခဲ့ဖူးပါတယ်။ တောအရက်လို ခေါ်တဲ့ တရားမ၀င် ရောင်းတဲ့ အရက်တွေဟာ လိုင်စင်ရ အရက်တွေထက် ဈေးနှုန်းသက်သာတဲ့အတွက် ဆင်းရဲသားတွေက အဓိက မှီဝဲကြတာဖြစ်ပါတယ်။
6 years Ago
Up