အိန္ဒိယနိုင်ငံမှာ ပါဒမဝတီ (Padmavati) ဆိုတဲ့ အငြင်းပွားဖွယ် ဘောလိဝုဒ် ရုပ်ရှင်ကားနဲ့ ပတ်သက်ပြီး ကန့်ကွက် ဆန္ဒပြနေကြပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်တော်တော်များများမှာ ရဲတပ်ဖွဲ့ လုံခြုံရေး မြှင့်ထားပေမယ့် လက်ယာယိမ်း ဟိန္ဒူအဖွဲ့တွေက အငြင်းပွားဖွယ် ဘောလိဝုဒ်ရုပ်ရှင် ပါဒမဝတီကို ဆန္ဒပြတာတွေ တိုးလုပ်နေတာပါ။
ဒီရုပ်ရှင်ကို ပြည်နယ်တချို့မှာ ရုံမတင်ဖို့ တောင်းဆိုချက်ကို အိန္ဒိယတရားရုံးချုပ် ဇန်နဝါရီ ၂၃ ရက်မှာ ပယ်ချခဲ့ပြီးတဲ့နောက် ဆန္ဒပြပွဲတွေ တိုးလာနေပါတယ်။
ဆန္ဒပြသူတွေက ရုပ်ရှင်ကား ဒါရိုက်တာဟာ မွတ်ဆလင်ဘုရင်တယောက်ကို ဟိန္ဒူ ရာ(ဂျ)ပု သူရဲကောင်းမျိုးနွယ် ဘုရင်မ ပါဒမဝတီရဲ့ ချစ်သူအဖြစ် ပုံဖော်ပြီး သမိုင်းကို ပုံဖျက်ထားတယ်လို့ စွပ်စွဲနေကြပေမယ့် ရုပ်ရှင်မှာ ပါဝင်သူတွေကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
ဆန္ဒပြသူတဦးက “ရုပ်ရှင်ကြည့်မယ့်သူတွေ ရုံမရောက်အောင် ကျနော်တို့ တားမယ်။ ကျနော်တို့ သူတို့ကို ပန်းတွေနဲ့ ကြိုဆိုကြမှာပါ။ ပြီးတော့ ဒီပန်းတွေ ဘာကြောင့်ပေးတယ်ဆိုတာကို ကျနော်တို့ ရှင်းပြပါမယ်။ ပန်းတွေပေးပြီး ကြိုမှာပါ။ ကျနော်တို့ ပြောတာကို နားမထောင်ဘူး ဆိုရင်တောင် သူတို့ကိုယ်ပေါ်ကို ပန်းကြဲချမှာပါ” လို့ ပြောပါတယ်။
ဇန်နဝါရီ ၂၃ ရက် ညမှာ ရဲတပ်ဖွဲ့ဟာ ဆန္ဒပြသူတွေကို လူစုခွဲဖို့ ပစ်ခတ်တာတွေ လုပ်ခဲ့ပါတယ်။
ဒါပေမယ့် အိန္ဒိယနိုင်ငံတဝန်းမှာ ရုပ်ရှင်ရုံစတင်မယ့် ဇန်နဝါရီ ၂၅ ရက်နေ့မှာ ဆန္ဒပြပွဲတွေ တိုးလာဦးမယ်လို့ ယူဆရပါတယ်။
ခါနီဆီနာနဲ့ တခြား ရာ(ဂျ)ပုမျိုးနွယ်တွေဟာ ရာဇာသန်ပြည်နယ်ထဲက နေရာတော်တော်များများမှာ ဆန္ဒပြဖို့ ပြင်ဆင်နေတဲ့သတင်း ရရှိထားတယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ပြောကြားထားပါတယ်။
3 years Ago