အိန္ဒိယငါးဖမ်းသမား

March 6, 2017

အိန္ဒိယငါးဖမ်းသမား ၈၅ ဦးကို ပါကစ္စတန်ရေတပ် ဖမ်းဆီး

ပါကစ္စတန်ရေတပ်က အိန္ဒိယငါးဖမ်းသမား ၈၅ ဦးကို  ပါကစ္စတန်ရေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။ သူတို့ရဲ့ ငါးဖမ်းလှေ ၁၄ စီးကိုလည်း သိမ်းယူလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရဲအရာရှိတဦးက “လှေ ၁၄ စီးနဲ့အတူ အိန္ဒိယနိုင်ငံသား ၈၅ ဦးကို ဖမ်းလိုက်ပါတယ်။ ကန့်သတ်ချက်ကိုကျော်ပြီး ပါကစ္စတန် ရေပိုက်နက်ထဲ ဝင်လာပါတယ်။ ဒါ့ကြောင့် ပါကစ္စတန်ရေတပ်က ဖမ်းဆီးပြီး ကျနော်တို့ဆီ လွှဲပြောင်းပေးခဲ့တာပါ။ မှတ်ပုံတင်ပြီးတဲ့အခါ မနက်ဖြန် တရားရုံးမထုတ်ခင် သူတို့ကို မြင်ကြရမှာပါ” လို့ ရှင်းပြသွားပါတယ်။ အိန္ဒိယငါးဖမ်းသမားတဦးကတော့ ရေပိုင်နက်ကို မကျော်ခဲ့ပေမယ့် ပါကစ္စတန်ရေတပ်က သူတို့ကို ဖမ်းလာတဲ့အကြောင်း ပြောပြသွားပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်ဟာ နှစ်ဘက်ငါးဖမ်းသမားတွေကို အပြန်အလှန် ဖမ်းဆီးလေ့ရှိပြီး တခါတရံ စေ့စပ်ညှိနှိုင်းမှုအရ ပြန်လွှတ်ပေးလေ့ရှိပါတယ်။ အိန္ဒိယအစိုးရက ငါးဖမ်းသမား ၁၈ ဦး အပါအဝင် ပါကစ္စတန်အကျဉ်းသား ၃၉ ဦးကို မတ်လ ၁ ရက်နေ့က ပြန်လွှတ်ပေးခဲ့ပြီး ပါကစ္စတန်အစိုးရက အိန္ဒိယငါးဖမ်းသမား ၂၁၈ ဦးကို ဇန်နဝါရီ ၅ ရက်နေ့က ပြန်လွှတ်ပေးခဲ့ကြောင်း ကရာချိမြို့က ပေးပို့တဲ့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago
Up