အိန္ဒိယရေတပ်ဟာ အစ္စရေးနဲ့ ပူးတွဲထုတ်လုပ်တဲ့ မြေပြင်က ဝေဟင်ပစ် တာဝေး မစ်ဇိုင်း ဒုံးကျည်အသစ်ကို စစ်သင်္ဘောပေါ် တစီးပေါ်ကနေ အောင်အောင်မြင်မြင် စမ်းသပ် ပစ်လွှတ်ခဲ့ပါတယ်။
ရေတပ်ဗိုလ်ကြီး ဒီကေ ရှာမာက ဒုံးကျည်ကိုသာ ပစ်လွှတ်စမ်းသပ်တာ မဟုတ်ဘဲ ရေဒါ လက်နက်ထိန်းချုပ်မှုစနစ်နဲ့ အရာအားလုံးကိုပါ သက်သေပြုခဲ့တယ်။
အိန္ဒိယရေတပ် အနာဂတ် စစ်သင်္ဘောတွေ အားလုံးမှာ တပ်ဆင်နိုင်မယ့် စနစ်တွေ ဖြစ်တယ်လို့ ပြောပါတယ်။
ဘားရတ် အိတ်ထ် စီမံကိန်းရဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံ ရှိတယ်လို့ ကာကွယ်ရေး လုပ်ငန်းက မနှစ်က ပြောပါတယ်။
လေကြောင်းရန် ကာကွယ်ရေးစနစ်ထဲမှာ ထောက်လှမ်း ခြေရာခံဖို့ ရေဒါနဲ့ ဒုံးကျည်ပဲ့ထိန်းစနစ်တွေ ပါပါတယ်။
အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်နဲ့ အစ္စရေးတို့ အပါအဝင် နိုင်ငံလက်တဆုပ်စာသာ ဒီလို စွမ်းရည်ကို ပိုင်ဆိုင်တယ်လို့ ကာကွယ်ရေး သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ပြောခွင့်ရက ပြောပါတယ်။
အစ္စရေးဟာ အိန္ဒိယရဲ့ ထိပ်တန်း လက်နက်ပံ့ပိုးသူ ၃ နိုင်ငံထဲမှာ ပါပါတယ်။ ဒုံးကျည်နဲ့ မောင်းသူမဲ့ လေယာဉ်တွေကို ပံ့ပိုးနေပါတယ်။
လေကြောင်းခြိမ်းခြောက်မှုတွေကို တန်ပြန်နိုင်စွမ်း ရှိတဲ့ စစ်တပ် စွမ်းဆောင်ရည်တိုးမြှင့်ဖို့ အိန္ဒိယဝန်ကြီးချုပ်က တွန်းအားပေးနေတာပါ။
အိန္ဒိယဟာ နျူကလီးယား လက်နက်ပိုင်ရှင် တရုတ်၊ ပါကစ္စတန်တို့နဲ့ နယ်နိမိတ်ချင်း ထိနေလို့ စစ်တပ်ကို အဆင့်မြှင့်ရေးအတွက် လာမယ့်ဆယ်စုနှစ်မှာ ဒေါ်လာ ၂၅၀ ဘီလီယံ သုံးစွဲမယ့် အလားအလာ ရှိနေပါတယ်။
အိန္ဒိယဟာ ကမ္ဘာပေါ်မှာ ကာကွယ်ရေးပစ္စည်း အများဆုံးဝယ်တဲ့နိုင်ငံပါ။ ဝန်ကြီးချုပ်ကတော့ နိုင်ငံခြားက ဝယ်တာတွေ လျှောချဖို့၊ ပြည်တွင်းမှာ ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ကြိုးစားနေပါတယ်။
7 years Ago