အိန္ဒိယက ဒုံးပျံတခုတည်းဖြင့် ဂြိုဟ်တုအလုံးရေ ၁၀၀ ကျော်လွှတ်တင်ပြီး စံချိန်တင်

February 15, 2017

အိန္ဒိယက ဒုံးပျံတခုတည်းဖြင့် ဂြိုဟ်တုအလုံးရေ ၁၀၀ ကျော်လွှတ်တင်ပြီး စံချိန်တင် (ရုပ်သံ)

အိန္ဒိယနိုင်ငံဟာ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ဒုံးပျံတခုတည်းနဲ့ ဂြိုဟ်တုအလုံးရေ ၁၀၀ ကျော် လွှတ်တင်ခဲ့ပြီး ၂၀၁၄ ခုနှစ်က ရုရှားနိုင်ငံရဲ့စံချိန်ကို ချိုးလိုက်ပါတယ်။ နိုင်ငံအရှေ့ပိုင်း အန်တရာပရာဒေ့ပြည်နယ် ဂြိုဟ်တုလွှတ်တင်ရေးစခန်းတခုကနေ လွှတ်တင်ခဲ့ပြီး ဂြိုဟ်တု ၁၀၄ လုံးမှာ အများစုဟာ အမေရိကန်ပြည်ထောင်စုရဲ့ ဂြိုဟ်တုတွေ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ဒီဂြိုဟ်တုနဲ့ အာကာသလွှတ်တင်ရေး ကမ္ဘာ့ထိပ်တန်းနိုင်ငံစာရင်းထဲ ဝင်ရောက်လာပြီလို့ အာကာသရေးရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။ အခုလွှတ်တင်လိုက်တဲ့ ဂြိုဟ်တုအလုံး ၁၀၀ ကျော်မှာ အမေရိကန်ပြည်ထောင်စုပိုင် ဂြိုဟ်တုက ၉၆ လုံး ပါဝင်ပြီး ကျန်ဂြိုဟ်တုတွေကတော့ အစ္စရေး၊ ကာဇက်စတန်၊ ယူအေအီး၊ ဆွစ်ဇာလန်နဲ့ နယ်သာလန်နိုင်ငံတွေက ဂြိုဟ်တုတွေ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံကလည်း ပြိုင်ဘက် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ပါကစ္စတန်နဲ့ တရုတ်နိုင်ငံတို့ကို အနီးကပ်စောင့်ကြည့်ဖို့ အဆင့်မြင့်ဂြိုဟ်တုတလုံးလည်း ဒီဒုံးပျံနဲ့ လွှတ်တင်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ဂြိုဟ်တုလွှတ်တင်ရေးလုပ်ငန်းဟာ ကမ္ဘာ့နိုင်ငံတွေကြားမှာ ဈေးသက်သာတဲ့အတွက် နာမည်ကောင်း ရရှိနေပါတယ်။ အိန္ဒိယအစိုးရကလည်း သူ့နိုင်ငံရဲ့ အာကာသစီမံကိန်းတွေအတွက် ဒီနှစ်ထဲမှာပဲ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ခဲ့ပြီး အင်္ဂါဂြိုဟ် လေ့လာရေးစီမံကိန်းကို စတင်မယ်လို့ ကြေညာခဲ့ပါတယ်။
4 years Ago
Up