ထိုင်းအမျိုးသမီးတဦးက လိင်ပိုင်းစော်ကားခံရတယ်ဆိုပြီး တိုင်ကြားခဲ့လို့ အသက် ၄၂ နှစ်အရွယ် အိန္ဒိယအမျိုးသားနဲ့ သူငယ်ချင်းဖြစ်သူကို ချန်နိုင်မှာ ဖမ်းဆီးလိုက်ပါတယ်။
သူမကို လိင်ပိုင်းဆိုင်ရာ စော်ကားပြီး လိမ်ညာခဲ့တယ်လို့ ဒီလူ ၂ ဦးကို အမျိုးသမီးက စွပ်စွဲကြောင်း ရဲတွေက ပြောပါတယ်။
မာနော့ဂျာအင်ဆိုသူ အမျိုးသားက အသက် ၂၈ နှစ်အရွယ် ထိုင်းအမျိုးသမီးကို လက်ထပ်မယ် ကတိပေးပြီး လွန်ခဲ့တဲ့ ၆ နှစ်က ဘန်ကောက်မှာ အတူနေခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အမျိုးသားက အိန္ဒိယပြန်သွားခဲ့တာလို့ ရဲထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။
အမျိုးသမီးရဲ့ တိုင်ကြားချက်က အိန္ဒိယမှာရှိတဲ့ တော်ဝင်ထိုင်းသံရုံးကတဆင့် ထိုင်းရဲကော်မရှင်နာမင်းကြီးဆီ ပို့ခဲ့တာလို့ သိရပါတယ်။
မာနော့ဂျာအင် ဘန်ကောက်ကို လာရောက်စဉ် သူ့သူငယ်ချင်းဖြစ်သူ ဗီကက်စ်ကိုထာရီဆိုသူကလည်း သူမကို အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့တယ်လို့ အမျိုးသမီးက ပြောပါတယ်။
ဒေသဆိုင်ရာ တရားရုံးရှေ့မှောက်မှာ စွပ်စွဲခံရသူ ၂ ဦးကို စစ်ဆေးကြားနာပြီးတဲ့နောက် အကျဉ်းထောင်ကို ပို့လိုက်တယ်လို့ ရဲထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အမျိုးသမီးရဲ့နာမည်နဲ့ အမှုကို ဘယ်နေ့က ဖွင့်တယ်ဆိုတာတော့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားခြင်းမရှိပါဘူး။
အမှုဖွင့်ထားပြီး အမှုကို စုံစမ်းစစ်ဆေးဆဲလို့ ရဲတွေက ပြောကြောင်း ပတ္တယားဝမ်းသတင်းတပုဒ်မှာ မေလ ၁၁ ရက်နေ့က ဖော်ပြထားပါတယ်။
3 years Ago