အိန္ဒိယနိုင်ငံ အရှေ့ဘက်မြစ်တခုမှာ လူအပြည့်အသိပ်တင်ထားတဲ့ လှေတစီး မှောက်သွားလို့ အနည်းဆုံး လူ ၂၁ ဦး သေဆုံးပြီး တဒါဇင်လောက် ပျောက်ဆုံးနေတယ်လို့ ဇန်နဝါရီ ၁၅ ရက်နေ့မှာ အိန္ဒိယရဲက ပြောကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။
၁၄ ရက်နေ့က လှေမှောက်ချိန်မှာ ဘီဟာပြည်နယ်ရဲ့ မြို့တော် ပက်တနာအနီးက မြစ်တစ်ဖက်ကမ်း ရွာတစ်ရွာမှာ ဟင်ဒူဘာသာရေးပွဲတော်ကို တက်ရောက်ပြီးနောက် လူ အယောက် ၅၀ လောက်ဟာ လှေနဲ့ပြန်လာခဲ့ကြတာလို့ ရဲအရာရှိ ချန်ဒန်ကက်ရှ်ဝါဟာက ပြောပါတယ်။
ခရီးသည် ၁၃ ဦးကို ကယ်ဆယ်နိုင်ပြီး ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၁၅ ရက်မှာတော့ နစ်မြုပ်သွားတဲ့လှေကို ကယ်ဆယ်ရေးသမားတွေမှ ပြန်လည်ဆယ်ယူနိုင်ခဲ့ပြီး အသက်ရှင်နိုင်မဲ့သူတွေကို ဆက်လက်ရှာဖွေမှုတွေ လုပ်ဆောင်နေပါတယ်။
အခုထိ ရေနစ်သေဆုံးသွားတဲ့ အလောင်း ၂၁ လောင်း မြစ်ထဲက ဆယ်ယူရရှိထားတယ်လို့ ရဲအရာရှိကက်ရှ်ဝါဟာက ပြောပါတယ်။
လှေဟာ လူ ၂၅ ဦးကိုပဲ သယ်ဆောင်နိုင်ပေမယ့် ပြည်နယ်အစိုးရက ကြီးမှူးကျင်းပတဲ့ ဟင်ဒူဘာသာရေးပွဲကို တက်အပြီး မြို့တော်ပတ်တနာကို ပြန်ဖို့အတွက် လှေက လူတွေအများကြီး တင်ဆောင်ခဲ့တာလို့ ရဲကပြောပါတယ်။
အခုလှေမှောက်တဲ့ကိစ္စကို စုံစမ်းဖို့ အာဏာပိုင်တွေက အမိန့်ထုတ်ပြန်ထားတယ်လို့လည်း သိရပါတယ်။
6 years Ago