အိန္ဒိယနိုင်ငံတွင်း အောက်တိုဘာ ၁၄ ရက်နေ့က ဆေးဆိုင်ငယ်တွေ ပိတ်ပြီး အွန်လိုင်း ဆေးလုပ်ငန်းတွေကို ဆန့်ကျင် ဆန္ဒပြခဲ့ပါတယ်။ နိုင်ငံတွင်း ဆေးဆိုင်ငယ်ပေါင်း ၈ သိန်းခွဲလောက် ပါဝင်ခဲ့တယ်လို့ မျှော်လင့်ထားပါတယ်။
အိန္ဒိယနိုင်ငံ တောင်ပိုင်း ဟိုက်ဒရာဘတ်မြို့မှာ ဆေးလာဝယ်တဲ့လူတွေကို ဆေးဆိုင်ရှင်တွေက ဆေးမရောင်းပေးဘဲ အဆင်မပြေမှုအတွက် တောင်းပန်တယ်လို့ ပြောခဲ့ကြပါတယ်။
နိုင်ငံအနှံ့ တရက်ကြာဆန္ဒပြပွဲကို အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ဆေးဝါးနဲ့ဓာတု ပညာရှင်များအဖွဲ့ (အေအိုင်အိုစီဒီ)က ဆော်သြခဲ့တာပါ။
အစိုးရအဖွဲ့ကလည်း ဒီနယ်ပယ်အတွက် စည်းမျဉ်းတွေ စတင်လုပ်ဆောင်နေပါပြီ။ ဆေးဝါး လက်ကား ရောင်းသူတွေက အွန်လိုင်းပေါ်က ဆေးဆိုင်တွေဟာ သူတို့ရဲ့ စီးပွားရေးကို စိန်ခေါ်နေတယ် ဆေးတွေကို မစိစစ်ဘဲ ရောင်းချတဲ့နည်းနဲ့ အလွဲသုံးစား လုပ်ခွင့်ပြုနိုင်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ဆေးတွေကို အကြိမ်ရေ အများကြီး ဝယ်ဖို့ ဆေးညွှန်း တခုတည်းနဲ့ ပို လွယ်လွယ် ဝယ်နိုင်တယ်လို့လည်း ပြောပါတယ်။
အိမ်သုံးဆေးဝါး ရောင်းချမှုဟာ အိန္ဒိယမှာ ရိုးရာဆိုင်တွေနဲ့ ရောင်းတာဖြစ်ပြီး စည်းမျဉ်း ကြီးကြပ်မှု အားနည်းပါတယ်။
တချို့ ဆေးဝါးပညာရှင်တွေဟာ ဆေးတွေကို ဆေးညွှန်းကို စိစစ်မှု မလုပ်ဘဲ ရောင်းချလေ့ ရှိပါတယ်။
အွန်လိုင်းကနေ ဆေးရောင်းတဲ့ ဆိုင်တွေ ကတော့ သူတို့ဟာ ဆေးတွေကို ဥပဒေနဲ့အညီ ရောင်းပြီး ဆေးဝယ်သူဟာ မဝယ်ခင်မှာ ဆေးအညွှန်းကို အရင် တင်ပြဖို့ လိုတယ်လို့ ပြောပါတယ်။
အေအိုင်အိုစီဒီအဖွဲ့ကတော့ တကယ်လို့ အစိုးရက အွန်လိုင်းကနေ ဆေးရောင်းမှုကို မဟန့်တားရင် လမ်းပေါ်ထွက် ဆန္ဒပြမယ်လို့ အစိုးရကို သတိပေးထားပါတယ်။
အပိုလို ဆေးရုံများ အင်တာပရိုက်စ် လိမိတက်က အိန္ဒိယနိုင်ငံအတွင်း အွန်လိုင်းဆေးရောင်းမှုကို စဖို့ စီမံနေပါပြီ။
အွန်လိုင်းကနေ ဆေးရောင်းတဲ့ဆိုင်တွေက အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံ တန်ဖိုးရှိတဲ့ ဆေးလက်ကား ဈေးကွက်ကို ဝင်လာနေပြီလို့ အိုင်တီ ကုမ္ပဏီ IMS Health က ဆိုပါတယ်။
5 years Ago