အိန္ဒိယစစ်တပ်နှင့် ကက်ရှ်မီးယား စစ်သွေးကြွများ တိုက်ပွဲဖြစ်၊ စစ်သား ၃ ဦးကျဆုံး

A d v e r t i s e m e n t With Us

February 23, 2016

အိန္ဒိယစစ်တပ်နှင့် ကက်ရှ်မီးယားတိုက်ပွဲအတွင်း ကွန်မန်ဒို ၂ ဦးအပါအ၀င် ၃ ဦးသေဆုံး (ရုပ်သံ)

အိန္ဒိယနိုင်ငံမြောက်ပိုင်းက အိန္ဒိယနဲ့ ပါကစ္စတန်နယ်စပ်က ပိုင်နက်အငြင်းပွား ကက်ရှ်မီးယားပြည်နယ်မှာ စစ်သွေးကြွတွေနဲ့ ၃ ရက်ကြာ တိုက်ပွဲဟာ ဖေဖော်ဝါရီ ၂၂ ရက်နေ့က အဆုံးသတ်ခဲ့ပါတယ်။ အိန္ဒိယ လုံခြုံရေးတပ်တွေက အစိုးရအဆောက်အဦကို စီးနင်းခဲ့ကြတဲ့ စစ်သွေးကြွ ၃ ယောက်ကို အသေဖမ်းမိခဲ့တာပါ။ ခဲယမ်းမီးကျောက် အမြောက်အများကိုလည်း ပြန်ရခဲ့ တယ်လို့ ဗိုလ်ချုပ်ကြီး အာဗင် ဒွတ်တားက ပြောပါတယ်။ ဒါပေမယ့် နောက်ထပ် သေနတ်သမားတွေ ရှိမရှိ ဆက်လက် ရှာဖွေ နေပါတယ်။ တိုက်ပွဲအတွင်း လူ ၇ ယောက် သေဆုံးပါတယ်။ စစ်သွေးကြွတွေက ဂျမူးနဲ့ ကက်ရှ်မီးယားပြည်နယ် ပမ်ပိုးမြို့က ငါးထပ် သင်တန်းကျောင်းတခုကို ဖေဖော်ဝါရီ ၂၁ ရက်နေ့က စီးနင်းခဲ့တာပါ။ စစ်သွေးကြွတွေက ရဲတွေ စီးလာတဲ့ ဘတ်စ်ကားကို ပစ်ခတ်ပြီး စွန့်ဦးတီထွင်လုပ်ငန်း ဖွံ့ဖြိုးရေးကျောင်းထဲ ဝင်ရောက် စီးနင်းရာက တိုက်ပွဲစခဲ့တာပါ။ အဲဒီအချိန် ကျောင်းထဲမှာ လူအယောက် တရာကျော် ရှိနေခဲ့ပါတယ်။ တိုက်ပွဲအတွင်း အိန္ဒိယစစ်တပ် ကွန်မန်ဒိုဗိုလ်ကြီး ၂ ယောက် အပါအဝင် တပ်ဖွဲ့ဝင် ၃ ယောက် ရဲ ၂ ယောက်နဲ့ အရပ်သားတယောက် သေဆုံးပါတယ်။ ကက်ရှ်မီးယား ပြည်နယ်မှာ မွတ်စလင် ခွဲထွက်ရေးသမားတွေက အိန္ဒိယ တပ်တွေကို တိုက်နေခဲ့တာ ၁၉၈၉ ခုနှစ်တည်းကပါ။ အိန္ဒိယက ပါကစ္စတန်ဟာ သူပုန်တွေကို စစ်သင်တန်းပေး လက်နက်တပ်ဆင်ပေးပြီး အိန္ဒိယ နိုင်ငံဘက်ခြမ်းကို လွှတ်ပေးနေတယ်လို့ စွပ်စွဲပါတယ်။ ပါကစ္စတန်က စွပ်စွဲချက်ကို ငြင်းပါတယ်။ နျူကလီးယားလက်နက်ပိုင်ရှင် ပြိုင်ဘက် အိမ်နီးချင်း အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ၁၉၄၇ မှာ ဗြိတိန်ဆီက လွတ်လပ်ရေး ရအပြီး စစ်ပွဲကြီး ၃ ကြိမ် တိုက်ခဲ့ဖူးပါတယ်။ မွတ်စလင် လူများစု ကက်ရှ်မီးယားကို နှစ်ဖက်လုံးကပိုင်တယ်လို့ ပြောနေကြပါတယ်။
5 years Ago

February 22, 2016

အိန္ဒိယစစ်တပ်နှင့် ကက်ရှ်မီးယား စစ်သွေးကြွများ တိုက်ပွဲဖြစ်၊ စစ်သား ၃ ဦးကျဆုံး (ရုပ်သံ)

အိန္ဒိယနိုင်ငံဘက်က ကက်ရှ်မီးယားမှာ လေ့ကျင့်ရေးတပ်တခုထဲကနေ ခုခံနေတဲ့ စစ်သွေးကြွတွေနဲ့ အိန္ဒိယတပ်ဖွဲ့ဝင်တွေ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ထိပ်တိုက်ထပ်တွေ့ခဲ့ကြပြီး အိန္ဒိယတပ်ဖွဲ့ဝင် နောက်ထပ် ၃ ဦး ကျဆုံးတယ်လို့ အိန္ဒိယစစ်တပ်က ပြောပါတယ်။ ဖေဖော်ဝါရီ ၂၀ ရက်နေ့ကတော့ အိန္ဒိယတပ်ဖွဲ့ဝင် ၂ ဦးနဲ့ အရပ်သား ၁ ဦးတို့ သေဆုံးခဲ့ကြပါတယ်။ စစ်သွေးကြွ ၄ ဦးက စစ်တပ်ယာဉ်တန်းကို ချုံခိုတိုက်ခိုက်ခဲ့ကြပြီး လေ့ကျင့်ရေးတပ်ထဲ ၀င်ရောက်ခုခံနေကြတာပါ။ ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်းမှာ အိန္ဒိယတပ်ဖွဲ့က ၀င်ရောက်ရှင်းလင်းရင်း ထိပ်တိုက်တွေ့ခဲ့ကြပြီး သေဆုံးသူ ၃ ဦးထဲမှာ အရာရှိငယ် ၂ ဦး ပါဝင်တယ်လို့လည်း အိန္ဒိယစစ်တပ်က ပြောပါတယ်။ ဖေဖော်ဝါရီ ၂၀ ရက်နေ့ကတော့ ပစ်ခတ်မှုတွေဖြစ်နေတဲ့ နေရာအနီး ကျောင်းတကျောင်းက ကျောင်းသူကျောင်းသားတွေကို ကယ်ဆယ်ခဲ့ရပါတယ်။ ကင်းထောက် ဒရုန်းလေယာဉ်ငယ်တွေပါသုံးပြီး စစ်သွေးကြွတွေကို အပြတ်ရှင်းလင်း သုတ်သင်နေတယ်လို့ အိန္ဒိယစစ်တပ် အရာရှိတွေက ပြောပါတယ်။ စစ်သွေးကြွတွေကိုတော့ ဘယ်အကြမ်းဖက် အဖွဲ့အစည်းဆိုတာ အတိအကျ မသိသေးဘဲ အိန္ဒိယ ဆန့်ကျင်တိုက်ခိုက်ရေး သူပုန်တွေလို့ပဲ အိန္ဒိယအာဏာပိုင်တွေက ဖော်ပြကြပါတယ်။
5 years Ago
Up