အိချောပို

May 10, 2019

ဇာတ်ဝင်ခန်းအတွက် ရေသူမလေးလို ကူးခပ်ကာ အစမ်းလေ့ကျင့်ခဲ့သည့် အိချောပို (ရုပ်သံ)

သရုပ်ဆောင်မင်းသမီး အိချောပိုဟာ ရေသူမလေးအဖြစ် ပါဝင်သရုပ်ဆောင်မယ့် ရုပ်ရှင်ဇာတ်ဝင်ခန်းအတွက် ရေထဲမှာကူးခပ်ပြီး အစမ်းလေ့ကျင့်နေတဲ့ ရုပ်သံဗွီဒီယိုဖိုင်တွေကို ပရိသတ်တွေအတွက် မျှဝေထားပါတယ်။ သူဟာ သရုပ်ဆောင် ဒါရိုက်တာ ကျော်သူ ရိုက်ကူးမယ့် ဒဏ္ဍာရီပင်လယ် အမည်ရတဲ့ ရုပ်ရှင်ထဲမှာ သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ သမီးမြတ်ကျော်ရဲ့ ဇာတ်ညွှန်းကို ဝသုနြေ္ဒ ရုပ်ရှင်ထုတ်လုပ်ရေးအတွက် ရိုက်ကူးမယ့် ဒီရုပ်ရှင်ကားထဲမှာတော့ အိချောပိုနဲ့အတူ သရုပ်ဆောင်မင်းသားတွေ ဖြစ်ကြတဲ့ အလင်းရောင်၊ ထွန်းကိုကို၊ ပြေဇင်တို့ ပါဝင်ကြမှာ ဖြစ်ပါတယ်။ ရေအောက်မှာ ရေသူမလေးအသွင်နဲ့ ကူးခပ်နေတဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို အိချောပိုက သူ့ရဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက် လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့တာဖြစ်ပြီး ခုလို ရေးသားထားခဲ့ပါတယ်။ “ရေသူမကားအတွက် ညဘက် အစမ်းလေ့ကျင့်မှုလေးတွေ...🧜🏼‍♀️” ဒါရိုက်တာဝိုင်း၊ လူမင်း၊ နေတိုး၊ ပြေတီဦး၊ မြင့်မြတ်၊ ခန့်စည်သူတို့ ပါဝင်ဖွဲ့စည်းထားတဲ့ အနုပညာပျိုးခင်းရဲ့ ရွေးချယ်စင်တင်မှုနဲ့ အနုပညာလောကကို ရောက်ရှိလာခဲ့တဲ့ အိချောပိုဟာ ရုပ်ရှင်ကားတွေမှာ မှန်မှန်ရိုက်ကူးနေရပြီး သူကိုယ်တိုင် အသုံးပြုတဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက် လူမှုကွန်ရက် စာမျက်နှာပေါ်မှာတော့ Followers ၁ သန်းကျော်ရှိနေပြီး ပရိသတ် ချစ်ခင်အားပေးမှု ရရှိနေသူတဦးလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ သူတင်ထားခဲ့တဲ့ ရေသူမလေးလို ကူးခပ်နေတဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို ဝင်ရောက်ကြည့်ရှုအားပေးသူ၊ ဝေဖန်မှတ်ချက်ရေးသူတွေနဲ့အတူ ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။
2 years Ago

February 22, 2019

အိချောပို၏ ဓာတ်ပုံပေါင်း ၁၀၀၀ နီးပါးဖြင့် ဖန်တီးထားသည့် အံ့ဖွယ်ပန်းချီ (ဓာတ်ပုံ)

ဓာတ်ပုံပေါင်းတထောင်နီးပါးလောက်ကို စုစည်းပြီး ပန်းချီကားတချပ်လို ဖန်တီးထားတဲ့ သရုပ်ဆောင်မင်းသမီး အိချောပိုပုံ ပန်းချီကားဟာ တကယ့်ကို အံ့သြစရာပါပဲ။ ဒီပန်းချီကားကိုတော့ ကာတွန်းဆရာ ဘီရုမာလို့ ပရိသတ်တွေ သိကြတဲ့ ပန်းချီဆရာ အယ်ဒိုဗေဒါက ရေးဆွဲဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ပုံထဲမှာတော့ ဦးထုပ်ဆောင်းထားပြီး ပြုံးနေတဲ့ အိချောပိုရဲ့ ပန်းတွေကြားက အလှကို ပေါ်လွင်အောင် ဖန်တီးထားတာကို တွေ့ရမှာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်န၀ါရီ ၃ ရက်နေ့ အိချောပိုရဲ့ မွေးနေ့အမီ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဒီပုံနဲ့ ပတ်သက်ပြီး အိချောပိုကတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်ကတဆင့် ဖေဖော်ဝါရီ ၂၀ ရက်နေ့က ခုလိုရေးသားဖော်ပြခဲ့တာပါ။ “ပုံတွေ အများကြီးစုပြီး လုပ်ပေးထားတဲ့ မွေးနေ့လက်ဆောင်လေးပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ် ဆရာရေ...😊 အရမ်းလည်းကြိုက်ပါတယ်ရှင့်...👍” အယ်ဒိုဗေဒါဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးဘ၀အကြောင်းအရာတွေနဲ့ ပတ် သက်တာတွေကို ကာတွန်း ဘီရုမာအမည်နဲ့ ဖန်တီးလေ့ရှိပါတယ်။ သူရိုက်ကူးဖန်တီးခဲ့တဲ့ သားရှင်ပြု အမည်ရတဲ့ အဲန်နီမေးရှင်း ရုပ်ရှင်ဇာတ်လမ်းတို့ဟာ နာမည်ကြီးပါတယ်။ အချိန် ၁၂ မိနစ်ကြာတဲ့ အဲဒီဇာတ်လမ်းဟာ မြန်မာမှုအငွေ့အသက်တွေနဲ့ ဖခင်နဲ့ သားကြားက ချစ်ခြင်းမေတ္တာတရားကို ဖော်ကျူးထားခဲ့တာ ဖြစ်ပါတယ်။ သားကို ရှင်ပြုပေးချင်တဲ့ ဆန္ဒနဲ့ ဘယ်လိုအခက်အခဲတွေပဲ ကြုံလာကြုံလာ မေတ္တာတရားနဲ့ ဖြစ်အောင် ဆောင်ရွက်ပေးနိုင်တဲ့ အကြောင်းကို ပုံဖော်ဖန်တီးထားခဲ့တဲ့ ဒီရုပ်ရှင်ကားနဲ့ သူဟာ ၀ဿန်ရုပ်ရှင်ပွဲတော်မှာ ဆုရရှိခဲ့သူ ဖြစ်ပါတယ်။ ခုထွက်ရှိလာတဲ့ အိချောပိုပုံ ပန်းချီလက်ရာကတော့ လတ်တလော ပရိသတ်တွေကြားမှာ သဘောကျနှစ်ခြိုက်မှုတွေ ရှိနေပြီး ရေပန်းစားနေပါတယ်။
2 years Ago
Up