အိုးအိမ်စွန့်ခွာသူ

June 17, 2018

ကုလအထူးသံတမန် ဂျိုလီ အီရတ်ရှိ အိုးအိမ်စွန့်ခွာသူများကို တွေ့ဆုံ

ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီ UNHCR ရဲ့ အထူးသံတမန် အိန်ဂျလီနာဂျိုလီဟာ အီရတ်နိုင်ငံ မိုဆူးလ်မြို့ကို အလည်အပတ်ခရီးစဉ်အတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ မိသားစုတွေနဲ့ ဇွန် ၁၆ ရက်က တွေ့ဆုံပါတယ်။ မွတ်စလင်တို့ရဲ့ ရာမာဒန်ဥပုသ်လ ကုန်ဆုံးတဲ့ အထိမ်းအမှတ် အိဒ်ပွဲတော် ဒုတိယနေ့မှာ ဂျိုလီဟာ ဒီမြို့ကို ရောက်လာတာပါ။ ဒီခရီးစဉ်ဟာ ဂျိုလီအတွက် ၆၁ ကြိမ်မြောက် တာဝန်ဖြစ်ပြီး ၂၀၀၁ ခုနှစ်ကနေ ခုထိ UNHCR ရဲ့ တာဝန်နဲ့ အီရတ်ကို ငါးကြိမ်မြောက် ရောက်တာလို့ ဌာနရဲ့ အင်တာနက် စာမျက်နှာက ဖော်ပြပါတယ်။ အီရတ်နိုင်ငံရဲ့ သုံးပုံတပုံကို စစ်သွေးကြွအုပ်စုတွေက သိမ်းပိုက်ထားပြီး ၃ နှစ်အကြာမှာ အီရတ်အစိုးရတပ်က စစ်သွေးကြွအုပ်စု အကြွင်းအကျန်တွေကို မောင်းထုတ်နိုင်ခဲ့တာပါ။ နောက်ဆုံး အောင်ပွဲကို ၂၀၁၇ ဒီဇင်ဘာမှာ အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါအယ်လ် အဘာဒီက ကြေညာခဲ့ပါတယ်။ အီရတ်အစိုးရတပ်တွေဟာ အနောက်ဘက် သဲကန္တာရနဲ့ အီရတ် ဆီးရီးယား နယ်စပ် တခုလုံးကို ထိန်းချုပ် ထားနိုင်ပြီး အစ္စလာမ္မစ် နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေနဲ့ စစ်ပွဲ ပြီးဆုံးပြီလို့ အစိုးရက ပြောခဲ့ပါတယ်။
3 years Ago
Up